News

POST TYPE

NEWS

တာမွေနှင့် သင်္ဃန်းကျွန်းတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများကို ဖမ်းမိ
20-Jun-2019


ရန်ကုန်၊ ဇွန် ၂၀

တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဇွန် ၁၉ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသူများထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူ၊ အိုက်စ်၊ ဆေးခြောက်များကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၄၁) ရန်ကုန်မှ ရဲတပ်ဖွဲ့ဝင်များက ဇွန် ၁၉ ရက် ညနေ ၄ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းနှင့် စံပြ (၄) လမ်းထိပ်တွင် မူးယစ်သတင်းရရှိထားသော ကျော်ခင်ဝေ (၃၄) နှစ်ကို တားဆီးစစ်ဆေးရှာဖွေရာ ၎င်းထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀ ပြား တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ယင်းဆေးပြားများကို တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်ရှိ Chicago ဟိုတယ်တွင် တည်းခိုနေသော မောင်စန်း (ခ) ပြောင်ကြီးထံမှ သုံးစွဲရောင်းချရန် ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယင်းနောက် ရဲတပ်ဖွဲ့မှ Chicago ဟိုတယ်ရှိ အခန်းတစ်ခန်းတွင် တည်းခိုနေသော မောင်စန်း (ခ) ပြောင်ကြီး (၄၇) နှစ်၏ အခန်းအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းနှင့်အတူ WY ဆေးပြား ၂၄၃၆၀ ပြားနှင့် အိုက်စ်၊ ဘိန်းဖြူ၊ ဆေးခြောက်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ဆေးမေးမြန်းရာ အဆိုပါ မူးယစ်ဆေးဝါးများကို ဟိုတယ်ရှိ အခန်းတစ်ခန်းတွင် တည်းခိုနေသူ ကံထွန်းကြည် (ခ) မောင်ကံထံမှ သုံးစွဲရောင်းချရန် ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကံထွန်းကြည် (ခ) မောင်ကံ တည်းခိုနေသည့် အခန်းအား ထပ်မံဝင်ရောက်စစ်ဆေးရာ ယင်းအမျိုးသားကို မတွေ့ရှိဘဲ ၎င်း၏ ချစ်သူ မဇင်မာစိုး (ခ) မီးမီး (၂၁) နှစ်အား တွေ့ရှိပြီး လက်ဆွဲအိတ်အတွင်းမှ WY ဆေးပြား ၂၇ ပြားကို တွေ့ရှိခဲ့သဖြင့် ဖမ်းမိသူ သုံးဦးနှင့် လွတ်မြောက်နေသူ ကံထွန်းကြည် (ခ) မောင်ကံ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA