News

POST TYPE

NEWS

အိန္ဒိယ၏ ဆဋ္ဌမအကြီးဆုံး မြို့တော်ချင်နိုင်းတွင် သောက်သုံးရေပြတ်တောက်
20-Jun-2019


ချင်နိုင်း၊ ဇွန် ၁၉

ယခင်က မဒရပ်စ်ဟု လူသိများသော အိန္ဒိယတောင်ပိုင်း မြို့တော်ချင်နိုင်းတွင် အဓိက ရေလှောင်ကန်လေးခု လုံးဝခန်း ခြောက်ကာ သောက်သုံးရေ ပြတ်လပ်မှုကို ကြုံတွေ့နေရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

လတ်တလော ရေပြတ်တောက်မှုသည် စက်ရေတွင်းသစ်များ တူးဖော်ရေး အပါအဝင် အရေးပေါ်နည်းလမ်းများကို ရှာကြံရန် ဖိအားပေးလျက်ရှိသည်။

ချင်နိုင်းတွင် အစိုးရရေကားဖြန့်ဝေမှုကို တန်းစီစောင့်ဆိုင်းနေရပြီး စားသောက်ဆိုင်များမှာလည်း ရေမရှိသောကြောင့် ပိတ်ထားကြရသည်။

“မိုးရွာမှပဲ ချင်နိုင်းကို ဒီအခြေအနေကနေ ကယ်ဆယ်နိုင်လိမ့်မယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ်က တိုင်းတာမှုများအရ အိန္ဒိယ၏ ဆဋ္ဌမအကြီးဆုံးဖြစ်သော ချင်နိုင်းတွင် ရေပြတ်လပ်မှုသည် သီတင်းပတ် အနည်းငယ် ကြာမြင့်နေပြီဖြစ်သည်။

ရေလှောင်ကန်များ စတင်ခန်းခြောက်ကတည်းက ဟိုတယ်များနှင့် စားသောက်ဆိုင်များ ယာယီပိတ်ထားကြရပြီး ဘူတာရုံများတွင် လေအေးပေးစနစ်များကို ပိတ်ထားခဲ့သည်။ ရုံးများကလည်း ရေချွေတာရန်အတွက် ဝန်ထမ်းများအား ရုံးသို့မလာဘဲ အိမ်တွင်လုပ်ရန် မေတ္တာရပ်ခံခဲ့သည်။

အိုင်တီလုပ်သားများ အသင်းချုပ်မှ အတွင်းရေးမှူး ဗီနော့ကာလီဂိုင်က“ဝန်ထမ်းတွေ အိမ်မှာပဲ အလုပ်လုပ်ကြဆိုပေမယ့် အိမ်မှာလည်း ရေပြတ်နေတယ်။ ဘယ်လို လုပ်ကြမလဲ”ဟု ပြောကြားသည်။ 

ရေဝေငှသုံးစွဲသည့်ကိစ္စနှင့်ပတ်သက်၍ အိမ်နီးချင်း အချင်းချင်းအကြား ရန်ပွဲဖြစ်ကာ ဓားထိုးမှုဖြစ်ပွားခဲ့သည်ဟုလည်း သိရှိရသည်။

အာဏာပိုင်များကလည်း ရေအရင်းအမြစ်အသစ်ကို ရှာဖွေရန် ကြိုးစားနေကြပြီး စက်ရေတွင်းများ တူးဖော်ထုတ်ယူရေးကို စတင်လုပ်ဆောင်နေသည်။ သို့ရာတွင် အဓိကပြဿနာမှာ ရေလှောင်ကန်များ ခန်းခြောက်မှုနှင့်အတူ မြေအောက်ရေ လျော့ကျနေခြင်းပင်ဖြစ်သည်။

လူမှုလှုပ်ရှားသူတစ်ဦးဖြစ်သူ နာကီရန်က “မိုးခေါင်တာက နှစ်တော်တော်ကြာနေပြီ။ မြေအောက်ရေတစ်ခုပဲ အားကိုးစရာ ရှိတော့တယ်”ဟု မှတ်ချက်ပေးသည်။

ချင်နိုင်းတစ်မြို့လုံးသည် လောလောဆယ်တွင် မြူနီစီပယ် ရေဖြန့်ဖြူးမှုဌာန၏ ရေကားဖြင့် ဖြန့်ဝေမှုကိုသာ အားကိုးနေကြရသည်။

“ကပ်ဘေးကတော့ စနေပြီဗျ။ ဒီနှစ်လည်း မိုးမရွာဘူးဆိုရင် ကျုပ်တို့တော့ အလုံးစုံ ပျက်သုဉ်းကုန်တော့မှာပဲ”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

F-04


  • VIA