News

POST TYPE

NEWS

ဟီလာရီ၏ အီးမေးလ်များ ဖောက်ထွင်းရန် ရုရှားကို ထရမ့် လှုံ့ဆော်သည်ဟု ဝေဖန်ခံရ
29-Jul-2016
ဝါရှင်တန်၊ ဇူလိုင် ၂၇

ဒေါ်နယ်ထရမ့်သည် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဟီလာရီကလင်တန်၏ အီးမေးလ်များ ပြည်ပအင်အားကြီးနိုင်ငံက ဖောက်ထွင်းရန် ‘တက်ကြွစွာ လှုံဆော်ခဲ့’ ကြောင်း ကလင်တန်အဖွဲ့မှ ဝေဖန်ခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ်က ပုဂ္ဂလိက အီးမေးလ်ဆာဗာ သုံးစွဲခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ် သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ပါဝင်သော အီးမေးလ် ၃၀၀၀၀ ကျော်ကို ကလင်တန်က လွှဲပြောင်းထုတ်ဖော်ခဲ့ခြင်း မရှိပေ။

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (DNC) အီးမေးလ်များကို ရုရှားက ဖောက်ထွင်းခဲ့သည်ဆိုသော စွဲချက် ထွက်ပေါ်လာချိန်တွင် ကလင်တန်၏ အီးမေးလ် ၃၀၀၀၀ ကိုပါ ရုရှားက ဖောက်ထွင်းစေလိုကြောင်း ထရမ့်က မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ 

“ရုရှားရေ၊ ခင်ဗျားတို့ နားထောင်နေမယ်ဆိုရင်၊ ပျောက်နေတဲ့ အီးမေးလ် ၃၀၀၀၀ ကိုလည်း ခင်ဗျားတို့ ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျုပ်တို့ စာနယ်ဇင်းတွေက ဂုဏ်ပြုပါလိမ့်မယ်” ဟု ထရမ့်က ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယင်းအီးမေးလ်များတွင် ‘အလှတရား’ အချို့ ပါဝင်နေနိုင်ကြောင်းလည်း ထရမ့်က ပျက်ရယ်ပြုခဲ့သည်။ 

နောက်ပိုင်းတွင်မူ ထရမ့်က အဆိုပါ အီးမေးလ်များ လက်ဝယ်ရှိထားသူ မည်သူမဆို FBI သို့ လွှဲပြောင်းပေးသင့်ကြောင့် Twitter တွင် ထပ်မံရေးသားခဲ့သည်။

ရီပတ်ဘလစ်ကန်ပါတီမှ ထရမ့် အနိုင်ရစေရေးအတွက် ရုရှားက DNC သိက္ခာကျစေရန် အတွင်းရေး အီးမေးလ်များကို ဖောက်ထွင်းခဲ့သည်ဟု စွဲချက် ထွက်ပေါ်လာချိန်တွင် ထရမ့်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်ပြီး ရုရှားရော၊ ထရမ့်ကပါ ဒီမိုကရက်ဘက်မှ စွဲချက်များကို ငြင်းဆိုထားသည်။

“အဓိက သမ္မတလောင်း တစ်ယောက်က သူ့နိုင်ငံရေးပြိုင်ဘက်ကို ပြည်ပအင်အားကြီး နိုင်ငံတစ်ခုက ထောက်လှမ်းဖို့ တက်ကြွတာ၊ လှုံ့ဆော်တာမျိုး ဒါပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ ဒါက စူးစမ်းချင်တာ၊ နိုင်ငံရေးအရ ပြောရိုးပြောစဉ်ပြောတာ၊ ဆိုတာထက် ပိုသွားပါပြီ။ ဒါက အမျိုးသားလုံခြုံရေး ပြဿနာ ဖြစ်သွားပါပြီ” ဟု ကလင်တန်၏ မူဝါဒရေးရာ အကြီးတန်းအကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြောကြားသည်။

ထရမ့်၏ မှတ်ချက် ထွက်ပေါ်အပြီး တစ်နာရီအတွင်း သူ၏ ဒုတိယ သမ္မတလောင်း မိုက်ပင့်စ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် ရုရှားသာ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်သည်ဟု FBI  က သက်သေပြနိုင်ပါက ‘ဆိုးရွားသော အကျိုးဆက်များ’ ရှိလာနိုင်သည်ဟု ပါရှိခဲ့သည်။

DNC အီးမေးလ်များကို ဝီကီလိခ်အဖွဲ့က ဖွင့်ချခဲ့ခြင်း ဖြစ်ပြီး DNC တာဝန်ရှိသူများသည် ဘက်မလိုက်ဘဲ ပြိုင်ပွဲကို ကြီးကြပ်ရမည့်အစား ကလင်တန်ကို မျက်နှာသာ ပေးခဲ့ကြပြီး ပြိုင်ဘက် ဘာနီဆန်းဒါးစ်ကို လှောင်ပြောင်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် DNC သဘာပတိ နုတ်ထွက်ပေးခဲ့ရသလို FBI က ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးလျက် ရှိသည်။

ဒီမိုကရက်များ အားနည်းစေရန်နှင့် ထရမ့်ကို ကူညီနိုင်ရန် ရုရှားက အီးမေးလ်များကို ဖောက်ထွင်းရယူခဲ့ခြင်း ဖြစ်ကြောင်း ကလင်တန်၏ မဲဆွယ်မန်နေဂျာ ရော်ဘီမွတ်ခ်က ပြောကြားခဲ့သည်။ 

အမေရိကန်သမ္မတ အိုဘားမားကလည်း ရုရှားက ဖောက်ထွင်းသည် ဆိုသော ဖြစ်နိုင်ခြေကို ပယ်ချခဲ့ခြင်း မရှိပေ။ “ရုရှားက ကျွန်တော်တို့ စနစ်တွေကို ဖောက်ထွင်းနေတယ်လို့ သိထားပါတယ်။ အစိုးရစနစ်တွေသာ မကပါဘူး၊ ပုဂ္ဂလိကစနစ်တွေပါ ပါဝင်ပါတယ်” ဟု အိုဘားမားက NBC ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

အမေရိကန်အစိုးရ သည်လည်း အခြားအစိုးရများ၏ ဆက်သွယ်မှုများကို ဖောက်ထွင်း ကြားဖြတ်နားထောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ 

ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က “ရုရှားဟာ တစ်ခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေး၊ အထူးသဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဝင်မစွက်ဖူးလို့ (သမ္မတပူတင်က) တစ်ခါမက ပြောခဲ့ဖူးပါတယ်” ဟု တုံ့ပြန်ခဲ့သည်။

အမေရိကန် ရွေးကောက်ပွဲအပေါ် ပြည်ပအင်အားကြီး နိုင်ငံများက ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုအပေါ် ရှုတ်ချရန် ရှိ၊ မရှိ မီဒီယာများက မေးမြန်းခဲ့ရာတွင် ထရမ့်က “မရှိပါဘူး။ ဒါကြောင့် ကျွန်တော့်ကို ရပ်တန့်စေမှာမှ မဟုတ်တာ။ ရုရှား ဒါမှမဟုတ် တရုတ်ကသာ ဒီအီးမေးလ်တွေကို ရသွားတယ် ဆိုရင်လည်း ကျွန်တော် အရိုးသားဆုံး ပြောရရင် ကျွန်တော်လည်း ကြည့်ချင်ပါတယ်” ဟုထရမ့်က တုံ့ပြန်ခဲ့သည်။ 

ဖလော်ရီဒါတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က “ရုရှားနှင့် ပတ်သက်စရာအကြောင်း မရှိကြောင်း” တုံ့ပြန်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထရမ့် အနိုင်ရရေး လိုလားသည် ဆိုခြင်းမှာ မှန်ပါသလား ဆိုသော မေးခွန်းကိုလည်း “ကျွန်တော် ပူတင်နဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ ပူတင် ဘယ်လိုလူလဲ ဆိုတာလည်း ကျွန်တော် မသိဘူး” ဟု တုံ့ပြန်ခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် ပါတီဝင် ပေါလ်ရိုင်ယန်၏ ပြောခွင့်ရပုဂ္ဂိုလ် ဘရန်ဒန်ဘက်ခ်ကမူ “ရုရှားဟာ မရိုးဖြောင့်တဲ့ ရာဇဝတ်သား တစ်ကောင် ဦးဆောင်နေတဲ့ ကမ္ဘာ့အန္တရာယ်ပါ။ ပူတင်ဟာ ဒီရွေးကောက်ပွဲနဲ့ ဝေးဝေးနေသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထရမ့်က အီးမေးလ်များကိစ္စ ဖြစ်စဉ်နှစ်ခုကို အတူတွဲပြီး ပြောသွားသော်လည်း တစ်ကယ်တမ်းတွင် သက်ဆိုင်ခြင်း မရှိပေ။ 

ကလင်တန်သည် ၂၀၀၉  ခုနှစ် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ကတည်းက နယူးယောက်ရှိ သူ့အိမ်တွင် အီးမေးလ်ဆာဗာတစ်ခု လုပ်ခဲ့ပြီး အလုပ်ကိစ္စရော၊ ကိုယ်ရေးကိုယ်တာ ကိစ္စပါ  [email protected] ဆိုသော လိပ်စာဖြင့် အသုံးပြုခဲ့သည်။ ယင်းအီးမေးလ် လိပ်စာဖြင့် ပေးပို့ခဲ့သော အီးမေးလ် ၃၀၀၀၀ ကို ထရမ့်က ရည်ညွှန်းခြင်း ဖြစ်သည်။

ကလင်တန်သည် ရုံးလုပ်ငန်းကိုပါ ကိုယ်ရေးကိုယ်တာ အီးမေးလ်နှင့် တွဲသုံးခဲ့ခြင်းအတွက် ဝေဖန်ခံခဲ့ရသော်လည်း FBI က စုံစမ်းစစ်ဆေးအပြီးတွင် စွဲချက်မတင်သင့်ဟု ကောက်ချက်ချခဲ့သည်။ 

သဘောရိုးဖြင့် သုံးစွဲခြင်းဖြစ်သော်လည်း နိုင်ငံတော်လျှို့ဝှက် သတင်းအချက်အလက်များ ကိုင်တွယ်ရာတွင် အလွန်ပင် အမှုမဲ့အမှတ်မဲ့ နိုင်ခဲ့သည်ဟု FBI က ကောက်ချက်ချခဲ့သည်။