News

POST TYPE

NEWS

မြန်မာ့စီးပွားရေး ယခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
18-Jun-2019

ရန်ကုန်၊ ဇွန် ၁၈

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာရန်မျှော်မှန်းထားကြောင်း ဇွန်လ ၁၈ ရက်နေ့၌ ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

မြန်မာ့စီးပွားရေးသည် လက်ရှိတွင်တည်ငြိမ်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုအပိုင်းနှင့် ဝန်ဆောင်မှုအပိုင်း တိုးတက်မှုတို့ကြောင့် ၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ပထမသုံးလကာလပတ်တွင် ငွေကြေးဖောင်းပွမှုလျော့ကျခြင်း၊ ကျပ်ငွေတန်ဖိုးတည်ငြိမ်လာခြင်း၊ လောင်စာဆီဈေးနှုန်း ကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း ဒုတိယသုံးလပတ်ကာလတွင် လောင်စာဆီနှင့် နိုင်ငံခြားငွေ ဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ထံမှ သိရသည်။

အစိုးရက ကုန်သွယ်ရေးကန့်သတ်မှုများဖြေလျှော့ရန် ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ နိုင်ငံရပ်ခြားယှဉ်ပြိုင်မှု မြင့်တက်လာစေရန် ငွေကြေးကဏ္ဍကိုဖွင့်လှစ်ပေးခြင်း၊ အကြီးစား အဆောက်အအုံ စီမံကိန်းများ စတင်ဆောင်ရွက်ခြင်းတို့သည် စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေသည့်အချက်များဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် အစီရင်ခံစာ ဖော်ပြချက်များနှင့်ပတ်သက်ပြီး အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်ကလည်း “အစီရင်ခံစာမှာဖော်ပြသလို တိုးတက်လာမယ်ဆိုတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာ ကုန်ဈေးနှုန်းတွေကျဆင်းမယ်။ အလုပ်သမားတွေ အလုပ်အကိုင် ပေါများလာမယ်။ SMEs လုပ်ငန်းတွေ တိုးတက်လာဖို့က တကယ်လိုအပ်တယ်။ ကိန်းဂဏန်းထက် မြေပြင်မှာတိုးတက်ဖို့ ဆောင်ရွက်ရမယ်”ဟု ပြောကြားသည်။

ပြည်တွင်းရှိ စက်မှုလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်ရေးဆိုင်ရာ တိုးတက်မှုသည် အကူးအပြောင်းကာလတွင်နှေးကွေးခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အထည်ချုပ်ပို့ကုန်လုပ်ငန်းများ အားကောင်းလာပြီး ပြန်လည်ကောင်းမွန်လာဟု ကမ္ဘာ့ဘဏ်ထံမှ သိရသည်။

စိုက်ပျိုးရေးထုတ်ကုန် ပြည်ပမှ မှာယူမှုမှာ အနည်းငယ်လျော့ကျခဲ့ပြီး ၂၀၁၇-၂၀၁၈ တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၁၈-၂၀၁၉ တွင် ၁ ဒသမ ၂ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည့်ဖြိုးမြင့်မွန်