News

POST TYPE

NEWS

သင်္ဘောဝယ်မည့် အစီအစဉ်နှင့် ရုံးသစ်နှစ်ခု ဆောက်မည့်အစီအစဉ် တိုင်းအစိုးရ ပြန်လည်ပယ်ဖျက်
18-Jun-2019
ရန်ကုန်၊ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရန်၊ စုပေါင်းရာဇဝတ် တရားရုံးတည်ဆောက်ရန်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရန်အတွက် ဘတ်ဂျတ်တောင်းခံခြင်း လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ပြီးနောက် တိုင်းအစိုးရက ယင်းစီမံကိန်းများကို ပြန်လည်ပယ်ဖျက်ခဲ့သည်။

အဆိုပါ စီမံကိန်းများသည် လိုအပ်ချက်များအရ တောင်းခံခဲ့ခြင်းဖြစ်သော်လည်း လွှတ်တော်၏ သဘောထားကို လေးစားသောကြောင့် ပြန်လည်ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကာ လာမည့်နှစ်များတွင် ပြန်လည်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန်လ ၁၈ ရက်နေ့ လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံကာ ပြောကြားခဲ့သည်။

“ဒီမိုကရေစီစနစ်အရ လွှတ်တော်ရဲ့ ဆန္ဒကို လေးစားသောအားဖြင့် ဒီဟာတွေကို ပယ်ဖျက်ပေးခဲ့တာဖြစ်တယ်။ ဒါပေမယ့် အစိုးရတစ်ရပ်အနေနဲ့ စတင်ပြီးသား စီမံကိန်းကို သက်တမ်းအတွင်း အပြီးလုပ်ဆောင်သွားရမှာဖြစ်တယ်။ ၂၀၁၉-၂၀ ဘတ်ဂျတ်မှာ မပါတော့ပေမယ့် လာမည့်နှစ် ဘတ်ဂျတ်တွေမှာ ပြန်ပါနိုင်အောင် ကြိုးပမ်းသွားမယ်။ လိုအပ်ချက်အရတောင်းခံတယ်ဆိုတာလည်း ကိုယ်စားလှယ်တွေကို ရှင်းပြသွားမယ်။ တိုင်းဒေသကြီး ဘတ်ဂျတ်ကမရလို့ ပြည်ထောင်စု ထောက်ပံ့ပေးရင်ပိုကောင်းတာပေါ့”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

တိုင်းအစိုးရအနေနှင့် စုပေါင်းရာဇဝတ် တရားရုံးတည်ဆောက်မည့်အစီအစဉ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတည်ဆောက်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး စီမံကိန်းမပြီးပြတ်သေးသည့်အတွက် အစိုးရသက်တမ်းအတွင်း ပြီးပြတ်သွားရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းစီမံကိန်းသုံးခုတွင် ကုန်ကျမည့် ကျပ် ၁၆ ဘီလီယံကိုလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများတွင် လုပ်ဆောင်သွားမည်ဟု တိုင်းအစိုးရကဆုံးဖြတ်ပေးသည်ကို လွှတ်တော်ကလည်းလက်ခံခဲ့ကာ အဆိုပါ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အရသုံးမှန်းခြေငွေစာရင်း လျာထားချက်ကိုလည်း လွှတ်တော်က အတည်ပြုပေးခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်တွင် တည်ဆောက်မည့် တိုင်းရဲတပ်ဖွဲ့ရုံးကို ပြည်သူများနှင့် ဆက်ဆံရေး အဆင်ပြေစေရန် တောင်းခံခဲ့ခြင်းဖြစ်ပြီး၊ စုပေါင်း တရားရုံး (အင်းစိန်) ကို တရားခံများ ရုံးထုတ်တွင် အဆင်ပြေချောမွေ့စေရန် တည်ဆောက်ရခြင်းဖြစ်ကြောင်း အလားတူ ကိုကိုးကျွန်းမှ နေထိုင်သူများ အဆင်ပြေစေရေးအတွက် သင်္ဘောပြေးဆွဲရန် စီစဉ်ခဲ့ခြင်းလည်းဖြစ်ကြောင်း ၎င်းက သတင်းထောက်များကိုရှင်းပြသည်။

ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရေးအတွက် ကျပ်သန်း ၅၀၀၀၊ စုပေါင်း ရာဇဝတ် တရားရုံး (အင်းစိန်) တည်ဆောက်ရန်အတွက် ကျပ်သန်း ၆၀၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအတွင်း တည်ဆောက်မည့် ရဲတပ်ဖွဲ့မှူးရုံး ၇ ထပ်အဆောက်အဦတည်ဆောက်ရန် ကျပ်သန်း ၅၀၀၀ စုစုပေါင်း စီမံကိန်းသုံးခုတွင် ကျပ် ၁၆ ဘီလီယံထိ တောင်းခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ကျပ် ၇၇၂ ဒဿမ ၀၄၈ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရ၏ ဘဏ္ဍာငွေ အရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်အရ သိရသည်။

J-08