News

POST TYPE

NEWS

သင်ရိုးသစ်သင်တန်းတက်စဉ် ဆရာ ၂၀ ခန့်သေဆုံးခဲ့မှု ဝန်ကြီးဌာနကိုတုံ့ပြန်
18-Jun-2019
ရန်ကုန်၊ ဇွန် ၁၇

ယခုနှစ်နွေရာသီ၌ သင်ရိုးသစ်သင် တန်းတက်စဉ် ဆရာ၊ ဆရာမ ၂၀ ဦးခန့် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းပင်မဆိုဘဲ ကျန်းမာရေးအသိ ပညာနည်းပါးမှုကြောင့် ဖြစ်သည်ဟု မှတ်ချက်ပေးမှုသည် ရှက်ဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အခြေခံပညာကဏ္ဍမှ အလုပ်အမှုဆောင် ဦးရဲမင်းထွန်းက ပညာရေးဝန်ကြီးဌာနသို့ စာပေးပို့တုံ့ပြန်သည်။

ယင်းသို့သေဆုံးခဲ့ရခြင်းသည် ပင်ပန်းမှုဒဏ်သာမက အပူဒဏ်ကြောင့် သေဆုံးခဲ့ရသည်မှာ ငြင်းမရသော အချက်တစ်ချက်ဖြစ်၍ လာမည့်နှစ် သင်ရိုးသစ် သင်တန်းပေးမည်ဆိုပါက ရာသီဥတုနှင့် ကိုက်ညီမည့်အချိန်၊ နွေရာသီတွင် ပြုလုပ်မည်ဆိုပါက ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝတာဝန်ယူပေးရန်နှင့် သတ္တမတန်းသင်ရိုးသစ်ကို မြို့နယ်များအလိုက် ပြုလုပ်စေလိုကြောင်း ဇွန်လ ၁၆ ရက်က ဝန်ကြီးဌာနသို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ 

လူမှုကွန်ရက်မှ ကောက်ယူထားသည့် စာရင်းများအရ ယခုနှစ်နွေရာသီ သင်ရိုးသစ် သင်တန်းကာလတွင် မူလတန်းဆင့် ဆရာ၊ ဆရာမ ၇ ဦး၊ အလယ်တန်းဆင့် ဆရာ၊ ဆရာမ ၉ ဦး၊ အထက်တန်းဆင့် ဆရာ၊ ဆရာမတစ်ဦးနှင့် မြို့နယ်ပညာရေးမှူးရုံးများမှ အရာရှိနှစ်ဦး သေဆုံးခဲ့ရာ စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ကြောင်း ပညာရေးဝန်ကြီးထံသို့ စာပို့တုံ့ပြန်သူ ဦးရဲမင်းထွန်းက ပြောဆိုသည်။

သင်ရိုးသစ်သင်တန်းကာလအတွင်း ဆရာ၊ ဆရာမများသေဆုံးမှုနှင့် ပတ်သက်ပြီး ဆရာ၊ ဆရာမများအနေနှင့် အခြေခံကျန်းမာရေး အသိပညာ အားနည်းသည်ဟု ယူဆသဖြင့် ဆရာ၊ ဆရာမများကို ကျန်းမာရေး အသိပညာပေးသင့်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အပေါ် ပညာရေးဝန်ကြီးဌာနက မြို့နယ်ပညာရေးမှူးများမှတစ်ဆင့် ဆရာ၊ ဆရာမများထံ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

J-05


  • VIA