News

POST TYPE

NEWS

ဦးဝင်းထိန်နှင့် NLD တနင်္သာရီတိုင်း အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးမှတ်တမ်းဟုဆိုသည့် စာတစ်စောင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့
18-Jun-2019

ထားဝယ်၊ ဇွန် ၁၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့် တနင်္သာရီတိုင်းအလုပ်အမှုဆောင် အဖွဲ့တို့ အစည်းအဝေးမှတ်တမ်းဟုဆိုသည့် စာတစ်စောင်မှာ လူမှုကွန်ရက် စာမျက်နှာများပေါ် ဇွန်လ ၁၆ ရက် ညတွင် စတင်ပျံ့နှံ့ခဲ့သည်။

ယင်းစာတွင် ဦးဝင်းထိန်၊ တနင်္သာရီတိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် အစည်းအဝေးတက်ရောက်လာသူများက ပြောဆိုထားသည်ဆိုသည့် အချက်များပါဝင်သည်။

ယင်းစာတွင် ဒေါက်တာလဲ့လဲ့မော် ဖမ်းဆီးခံရပြီးနောက်ပိုင်း တနင်္သာရီတိုင်း အခြေအနေ၊ ဦးအောင်စိုးအား တနင်္သာရီတိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူရန် တိုက်တွန်းမှုများ၊ ပါတီ၏ ဘဏ္ဍာရေးအခြေအနေ စသဖြင့် ပါတီ၏ အတွင်းရေးကိစ္စများပါဝင်သည်။

ယင်းစာတွင် တနင်္သာရီတိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက ပြောဆိုသည်ဆိုသည့် “တကယ်ဆို ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်စရာ မလိုဘူး။ ဘုရားမဟုတ်ဘူး။ လမ်းကြောင်းမှန်ရင် ယုံကြည်တယ်ဆိုရင် လိုက်မယ်။ မမှန်ရင်မလိုက်ဘူး”ဟူသည့် ပြောဆိုချက်များလည်း ပါဝင်သည်။

ယင်းစာနှင့် ပတ်သက်၍ အစည်းအဝေးသို့ တက်ရောက်သူတစ်ဦးဖြစ်သည့် တနင်္သာရီတိုင်းအလုပ်အမှုဆောင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးအေးနိုင်အား Dawei Watch က ဆက်သွယ်မေးမြန်းရာ အစည်းအဝေးမှတ်တမ်းမှာ ၎င်းထံ ရောက်မလာသေးသည့်အတွက် လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့်စာမှာ အတု သို့မဟုတ် အစစ်ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ဖြေကြားခဲ့သည်။

ဦးအေးနိုင်သည် အစည်းအဝေးကို တက်ရောက်ခဲ့သူဖြစ်သော်လည်း ပျံ့နှံ့နေသည့် စာပါအချက်အလက်များနှင့် ပတ်သက်၍ အတု၊ အစစ် ဖြစ်သည်ကို အတည်မပြုခဲ့ပေ။

“အဲဒီအစည်းအဝေး မှတ်တမ်းကို ကိုယ်ပြုစုတာလည်း မဟုတ်ဘူး၊ ကိုယ်က အခမ်းအနားမှူးပဲလုပ်တာ။ အစည်းအဝေးဆုံးဖြတ်ချက်ကို ကိုယ်လည်း တောင်းတော့တောင်းထားတာပဲ။ ကိုယ်တွေ လက်ထဲကို မရောက်သေးဘူး”ဟု ဦးအေးနိုင်က ဆိုသည်။

ယင်းစာမှာ အစည်းအဝေးမှတ် တမ်းအစစ်ဖြစ်ပါက ပါတီစည်းမျဉ်းစည်းကမ်းအရ အရေးယူမည်ဖြစ်ကြောင်း ဦးအေးနိုင်က ဆိုသည်။

အဆိုပါစာတွင် ဖော်ပြထားသည့် ရက်စွဲကို ၁၂.၁၀.၂၀၁၉ ဟု မှားယွင်း ဖော်ပြထားသည်။

ဦးဝင်းထိန်သည် တနင်္သာရီတိုင်းသို့ ဇွန်လ ၁၀ ရက်မှ ၁၂ ရက်အထိ လာရောက်ခဲ့ပြီး တရားစွဲခံထားရသည့် ဒေါက်တာ လဲ့လဲ့မော်ကို ထားဝယ် အကျဉ်းထောင်တွင် ထောင်ဝင်စာ တွေ့ဆုံခဲ့သည်။

Dawei Watch