News

POST TYPE

NEWS

ရန်ကုန်မြို့ နယ် ၉ ခုတွင် အများပြည်သူ အပန်းဖြေနိုင်ရန် ပန်းခြံမရှိ
18-Jun-2019

ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်မြို့တွင် အများပြည်သူပိုင် ပန်းခြံ ၆၃ ခု (၅၂၂ ဧက) ရှိပြီး မြို့နယ် ၇ ခုတွင် ပြည်သူများ အပန်းဖြေအနားယူနိုင်သည့် ပန်းခြံတစ်ခုသာရှိကာ အခြားမြို့နယ် ၉ ခုတွင်မူ ပန်းခြံတစ်ခုမျှ မရှိသေးကြောင်း Another Development (AD) ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်း ၉ မြို့နယ်တို့မှာ လသာ၊ လမ်းမတော်၊ တာမွေ၊ ဆိပ်ကမ်း၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ဖြစ်သည်ဟု ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် မိတ်ဆက်ပွဲပြုလုပ်ခဲ့သော AD ၏ “ပြည်သူအားလုံးအတွက် ပိုမိုစိမ်းလန်းသောမြို့အား ဖော်ဆောင်ခြင်း” သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဒုဌာနမှူး ဦးမင်းအောင်က ပန်းခြံများသည် အရှေ့ပိုင်းခရိုင်တွင် ၁၅ ခု၊ အနောက်ပိုင်းခရိုင်တွင် ၁၉ ခု၊ တောင်ပိုင်းခရိုင်တွင် ၁၄ ခု၊ မြောက်ပိုင်းခရိုင်တွင် ၁၃ ခု ရှိပြီး အချို့ မြို့နယ်များတွင် တစ်မြို့နယ်တွင်း၌ပင် ပန်းခြံတစ်ခုထက်ပို၍ ရှိနေကြောင်းနှင့် အချို့မြို့နယ်များတွင်မူ ပန်းခြံမရှိသေးကြောင်း ရှင်းပြသည်။

လသာနှင့် လမ်းမတော်ကဲ့သို့သော မြို့နယ်များတွင် ပန်းခြံများမရှိရခြင်း အကြောင်းနှင့် ပတ်သက်၍ ဦးမင်းအောင်က “လသာနဲ့ လမ်းမတော်လိုမြို့နယ်တွေက အစဉ်အဆက် လူနေထူထပ်ခဲ့တဲ့ နေရာတွေပေါ့နော်။ မြေကွက်အလွတ်တွေရှိမှပဲ ဆောက်ပေးလို့ရမှာပါ။ မြေကွက် အလွတ်တွေရှိသေးရင် ဆောက်ပေးတာပေါ့ဗျာ။ ပြီးရင် စည်ပင်သာယာပိုင်တဲ့မြေပေါ်မှာပဲ ဆောက်လို့ရတာပါ”ဟု ပြောသည်။

ရန်ကုန်မြို့တွင် ပြည်သူများ အပန်းဖြေရန်နှင့် ကလေးငယ်များ အပျင်းပြေကစားနိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားသော မြေကွက်လပ်ပန်းခြံများသည် ယခု အစိုးရလက်ထက်တွင် အဆောက်အအုံများအဖြစ် YCDC က ဖန်တီးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးမှုများရှိခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြထားခဲ့သည်။

ယင်းအပြင် ရန်ကုန်မြို့၌ ၁၉၉၀ ပြည့်နှစ်တွင် လူတစ်ဦးချင်းစီအတွက် အသုံးပြုနိုင်သော စိမ်းလန်းဧရိယာ အကျယ်အဝန်းမှာ ၃၀ ဒသမ ၅ စတုရန်းပေအထိ ရှိခဲ့သော်လည်း၂၀၁၄ ခုနှစ်တွင် ၄ ဒသမ ၄ စတုရန်းပေသာ ရှိတော့သည်ဟု Another Development(AD) သုတေသနအဖွဲ့မှ သုတေသီ ဦးရေချမ်းက ပြောသည်။

သုတေသနစာတမ်းတွင် ရန်ကုန်မြို့ရှိ လူတစ်ဦးချင်းစီအတွက် အသုံးပြုနိုင်သည့် စိမ်းလန်းဧရိယာအကျယ်အဝန်းမှာ နှစ်ပေါင်း၂၅ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။

ဤကဲ့သို့ စိမ်းလန်းဧရိယာ လျော့နည်းသွားခြင်းသည် လူဦးရေ တိုးပွားလာခြင်းနှင့် မြို့ပြတိုးချဲ့မှု လျင်မြန်လာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများက စိမ်းလန်းဧရိယာများကို အစားထိုးဝင်ရောက်ခြင်းကြောင့် ဖြစ်သည်။ ကန်သာယာပန်းခြံနှင့် မြကျွန်းသာ အပါအဝင် အများပြည်သူဆိုင်ရာ စိမ်းလန်းဧရိယာများတွင် လုပ်ပိုင်ခွင့်ရရှိသည့် ပုဂ္ဂလိကကုမ္ပဏီများလည်းရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့သည် ယခင်က Green City of Asia ဟု အမည်တွင်ခဲ့သော်လည်း လက်ရှိတွင်မူ စိမ်းလန်းစိုပြည်ရေးနှင့် သစ်ပင်များစိုက်ပျိုးခြင်းတို့ကို ပို၍ လုပ်ကိုင်ရန် လိုလာကြောင်းကို ယင်း အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးက ပြောသည်။

အဆောက်အအုံများ ဆောက်လုပ်ရာတွင် ခြံပတ်ပတ်လည် ကွန်ကရစ် အပြည့်ခင်းထားခြင်းသည်ရေစုပ်ယူမှုကို အားနည်းစေပြီး မြေအောက်ရေ လျော့နည်းလာနိုင်ကြောင်း၊ မြေအောက်ရေခန်းခြောက်လာသောကြောင့် မြေကျွံကျနိုင်ကြောင်း Yangon Heritage Trust မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ဆွေးနွေးပြောကြားသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် အငြိမ်းစား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဆွေဆွေအေးက “စိမ်းလန်းတဲ့ရပ်ဝန်း ဖန်တီးတယ်ဆိုတာ နံရံတွေ၊ ခေါင်မိုးတွေကိုပဲ ဆေးအစိမ်းရောင်သုတ်တာကို ဆိုလိုတာမဟုတ်ဘူး”ဟု ပြောသည်။

ပန်းခြံအသုံးပြုသူများ၏ လိုလားချက်များနှင့် ကိုက်ညီနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရိပ်ရအပင်များ၊ အမိုးအကာများ၊ အားကစားပြုလုပ်နိုင်သည့် နေရာများနှင့် ပစ္စည်းများ၊ အမှိုက်ပုံးများ၊ မီးတိုင်နှင့် ထိုင်ခုံများ၊ ကလေးငယ်များအတွက် ပညာရေးဆိုင်ရာ ပစ္စည်းများ ထည့်သွင်းပေးရန်နှင့် အိမ်သာ အသုံးပြုခ ကောက်ခံခြင်းများ ဖယ်ရှားပေးရန် AD ၏ သုတေသနစာတမ်းတွင် ဖော်ပြတိုက်တွန်းထားသည်။

Another Development (AD) အဖွဲ့သည် မြန်မာနိုင်ငံ အခြေပြု အကျိုးအမြတ်မယူသော မူဝါဒဆိုင်ရာ သုတေသနပြုစုသည့် အဖွဲ့အစည်းဖြစ်ပြီး လူ့အခွင့်အရေး၊ ဗဟုယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဖက်ဒရယ်ဝါဒ၊ ကျေးလက်စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း၊ eGovernment နှင့် ပြည်သူဟူသည့် အဓိက ကဏ္ဍရပ် ၅ ခုကို အဓိကထားလုပ်ဆောင်လျက်ရှိသည်။

 ဘွေဇဆန်းရ ထရီဇာနန့်အေးပွင့် (Myanmar Now)