News

POST TYPE

NEWS

လန်ဒန်အကြမ်းဖက်ဖြစ်ရပ်နှင့် ပတ်သက်၍ မြို့ဝန်ဆာဒစ်ခန်ကို ဒေါ်နယ်ထရမ့် ထပ်မံဝေဖန်
17-Jun-2019


ဝါရှင်တန်၊ ဇွန် ၁၆

အမေရိကန်သမ္မတထရမ့်က လန်ဒန်မြို့ဝန် ဆာဒစ်ခန်ကို နောက်တစ်ကြိမ် ပြစ်တင်ဝေဖန်လိုက်ပြီး ယူကေမြို့တော်ကို ဖျက်ဆီးနေသူ ပြည်ဖျက်တစ်ဦးဖြစ်သည်ဟု ပျစ်ပျစ်နှစ်နှစ် သုံးနှုန်းလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လန်ဒန်တွင် ၂၄ နာရီ မပြည့်မီအတွင်း သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိစေခဲ့သော တိုက်ခိုက်မှုဖြစ်စဉ် ငါးခုအပြီးတွင် ထရမ့်၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

လေဘာပါတီခေါင်းဆောင် ဂျရယ်မီကော်ဘင်က လူများသေဆုံးသော ဝမ်းနည်းစရာကိစ္စကို မြို့ဝန်အားထိုးနှက်ရန် ထရမ့်က အသုံးပြုနေခြင်းသည် လုံးဝဆိုးဝါးလွန်းသည်ဟု မှတ်ချက်ပေးသည်။

ထရမ့်၏ မှတ်ချက်သည် ၎င်းတို့နှစ်ဦးအကြား ကာလရှည်ကြာ အပြန်အလှန် ပုတ်ခတ်မှုများ၏ နောက်ဆုံးထိုးနှက်မှု တစ်ခုဖြစ်သည်။ ဆာဒစ်ခန်၏ ပြောရေး ဆိုခွင့်ရှိသူက မြို့ဝန်သည် ဘေးသင့်သူ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲ နေကြောင်းနှင့် အရည်မရအဖတ်မရ Twitter မှတ်ချက်ကို အရေးလုပ်ရန် အချိန်မဖြုန်းနိုင်ကြောင်း ပြန်လည်တုံ့ပြန် ပြောဆိုသည်။

ဂျရယ်မီကော်ဘင်ကလည်း ဆာဒစ်ခန်ကို ကာကွယ်ပြောဆိုခဲ့ပြီး မြို့ဝန်သည် ရဲများအား ကူညီပံ့ပိုးသည့်အလုပ်ကို အာရုံစိုက် လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

လန်ဒန်တိုက်ခိုက်မှု သီးခြားဖြစ်စဉ် ငါးခုအပြီးတွင် ယောကျာ်းလေးများနှင့် မိန်းကလေးများအပါအဝင် ၁၄ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လန်ဒန်တောင်ပိုင်း ဝမ်းစဝပ်တွင် သောကြာနေ့ မွန်းလွဲပိုင်းက ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံရပြီးနောက် သေဆုံးခဲ့သည်။ ထို့နောက် မိနစ်ပိုင်းအကြာတွင် လန်ဒန်အရှေ့ပိုင်း ပလမ်းစတက်၌ ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးသေနတ် ပစ်ခံရကာ သေဆုံးခဲ့သည်။

စနေနေ့ မွန်းလွဲပိုင်းမတိုင်မီတွင် ဟမ်းမလက်တာဝါ၌ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံရကာ သေဆုံးခဲ့သည်။

စနေနေ့ အစောပိုင်းကလည်း ကလက်ဖန်တွင် အမျိုးသားနှစ်ဦး ဓားထိုး ခံခဲ့ရသည်။ ဘရစ္စတန်တွင်လည်း နောက် တစ်ဦး ဓားထိုးခံခဲ့ရသည်။

ယင်းဖြစ်ရပ်များကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူသတ်မှု ၅၆ မှုအထိ မြင့်တက်သွားခဲ့သည်။ သမ္မတထရမ့်နှင့် ဆာဒစ်ခန်တို့သည် ယခင်ကတည်းက အပြန်အလှန် ဝေဖန်ပုတ်ခတ်နေကြသူများ ဖြစ်သည်။ 

သမ္မတထရမ့်က ယခုလလန်ဒန် ခရီးစဉ် မတိုင်မီလေးတွင် “ဆာဒစ်ခန်သည် လန်ဒန်၏ ရာဇဝတ်မှုများကိုသာ အာရုံစိုက်သင့်သည့် အေးတိအေးစက် ငထုံတစ်ဦး ဖြစ်သည်”ဟု ထိုးနှက်ခဲ့သည်။

သမ္မတထရမ့်၏ခရီးစဉ်တွင် ယူကေအနေနှင့် ကော်ဇောနီဖြန့်၍ မကြိုဆိုသင့်ကြောင်း လန်ဒန်မြို့ဝန် ဆာဒစ်ခန်ကဦးစွာ ထိုးဆွပုတ်ခတ်ခဲ့ပြီးနောက် ထရမ့်၏ ပျစ်ပျစ်နှစ်နှစ် တုံ့ပြန်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကလည်း ထရမ့်က ဆာဒစ်ခန်အား အိုင်ကျူစစ်ဆေးမှုပြိုင်ရန် စိန်ခေါ်ခဲ့ဖူးသေးသည်။  

F-04


  • VIA