News

POST TYPE

NEWS

မွန်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်နှစ်ဦး သေဆုံး
17-Jun-2019
မော်လမြိုင်၊ ဇွန် ၁၇

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၇ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“မနှစ်က ဒီအချိန်ဆိုရင် အယောက်ငါးရာကျော်နေပြီ။ ဒီနှစ်ကတော့ အယောက်သုံးရာကျော်ပဲ ရှိသေးတယ်။ ဒါပေမဲ့ နှစ်ဦး သေဆုံးမှုရှိတယ်။ ပြီးခဲ့တဲ့ လကထက်စာရင် ဒီလက ပိုများလာတယ်။ မနှစ်ကနဲ့ ယှဉ်ရင်တော့ နည်းတယ်လို့ ပြောလို့ရပေမယ် သေဆုံးမှုက မနှစ်က ဒီအချိန်လောက်မှ တစ်ဦးပဲသေတယ်”ဟု မွန်ပြည်နယ်၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ရပကန) ဒေါက်တာ စည်သူရဲနောင်က ပြောဆိုသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ဖြစ်ပွားမှုရှိပြီး မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်အနေနှင့် မော်လမြိုင်ခရိုင်မှာ ဖြစ်ပွားမှုများပြီး လူဦးရေးများသည့် နေရာတွင် ဖြစ်ပွားမှုများကြောင်း၊ မော်လမြိုင်မြို့နယ်၊ မုဒုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး သေဆုံးမှုမှာ ရေးမြို့နယ်တွင် တစ်ဦးနှင့် မုဒုံမြို့နယ်မှ တစ်ဦးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုနှစ်စမှ ဇွန်လ ၁၇ ရက်နေ့အထိ မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၃၆၅ ဦးအနက် ၂ ဦး သေးဆုံးခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် အမျိုးသမီးနှင့် ကလေးဆေးရုံတွင် တစ်ရက်လျှင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀ ဦးမှ ၂၅ ဦးခန့် ဆေးရုံးသို့ တက်ရောက်နေကြပြီး အချို့မှာလည်း သွေးလွန်တုပ်ကွေး မဟုတ်သော်လည်း စိုးရိမ်မှုကြောင့် ဆေးရုံတွင် ကုသကြကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ၂၀၁၈ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၁၅၉၅ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

R-21


  • VIA