News

POST TYPE

NEWS

ယောဂကို ကျောင်းသားများပိုမိုလိုက်စားရန် ဆောင်ရွက်စေလိုဟု ပြည်ထောင်စုဝန်ကြီးပြော
16-Jun-2019
ရန်ကုန်၊ ဇွန် ၁၆

ယောဂလေ့ကျင့်ခြင်းကို ကျောင်းသားလူငယ်များအနေနှင့် ပိုမိုသိရှိ၍ လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ထိုကဲ့သို့လေ့ကျင့်ခြင်းသည် ကျန်းမာရေးနှင့် အထူးဆက်စပ်နေပြီး အဆုတ် အားကောင်းစေခြင်း၊ သွေးလည်ပတ်မှုနှင့် နှလုံးအားကောင်းစေခြင်း၊ ကြွက်သားများ အားကောင်းစေခြင်း၊ ခန္ဓာကိုယ်ပျော့ပျောင်းသွက်လက်စေခြင်းစသည့် ခန္ဓာကိုယ်ကျန်းမာခြင်း၊ စိတ်ဖိစီးမှုလျော့နည်းခြင်း၊ အာရုံစူးစိုက်မှု အားကောင်းစေခြင်းများကို ရရှိစေနိုင်မည့်အပြင် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းများ၊ အင်ဇိုင်းများ၊ ဇီဝဓာတုဗေဒပစ္စည်းများ၊ အာရုံကြောဆိုင်ရာ ဓာတ်ပစ္စည်းများ ထွက်ရှိမှုအား ညီညွတ်စေသောကြောင့် ကိုယ်ခံအား ကောင်းမွန်၍ ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည်။

ထို့ကြောင့် ကျောင်းသားလူငယ်များ၌ ကျန်းမာရေးညီညွတ်စေမည့် အလေ့အကျင့်ကောင်းများ ပိုင်ဆိုင်ခြင်းဖြင့် နိုင်ငံ၏အနာဂတ်အတွက် ဘက်စုံကောင်းမွန်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇွန်လ ၁၅ ရက်နေ့က သုဝဏ္ဏ အမျိုးသားအားကစားရုံတွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားတွင် ဖြည့်စွက်ပြောကြားသည်။

နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပေါ်ပေါက်လာရေးအတွက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E.Mr. Narendra Modi က ၂၀၁၄ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံပေါင်း ၁၇၇ ခု၏ထောက်ခံမှုဖြင့် အဆိုပြုတင်သွင်းခဲ့ရာ ညီလာခံမှ သဘောတူ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

J-12