News

POST TYPE

NEWS

မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများ၌ မိုးများမည်
16-Jun-2019


ရန်ကုန်၊ ဇွန် ၁၆

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများတွင် နောက်နှစ်ရက်အတွင်း မိုးရရှိမှုများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အဆိုပါဒေသများတွင် နေ့စဉ် မိုးရေချိန်တစ်လက်မအထက် ရရှိသည်အထိ မိုးရွာသွန်းနိုင်ပြီး ပင်လယ်ပြင်၌လည်း မိုးလေဝသ အခြေအနေဆိုးရွားနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

ထို့ပြင်လာမည့်လေးရက်မှ ငါးရက်အတွင်း၌လည်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေကြောင်း၊ ယင်းအရှိန်ကြောင့်လည်း ဒေသအလိုက်မိုးရရှိမည်ဖြစ်ကြောင်း ဦးကျော်လွင်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇွန်လ ၁၇ ရက်နေ့အတွက် ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

E-03