News

POST TYPE

NEWS

ခိုင်းကောင်းသည့် နွားကြီးဖြစ်ကြောင်း ပြည်သူသိအောင်လုပ်မည်ဟု ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူဆို
06-Jun-2019

ရန်ကုန်၊ ဇွန် ၅

ခိုင်းကောင်းသည့် နွားကြီးဖြစ်သည့်အကြောင်း ပြည်သူများသိရှိစေရန် ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပါတီသုံးခုက နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်က အနီးစပ်ဆုံးရွေးကောက်ပွဲမှာ အနိုင်ရရှိရေးပဲ။ အဲဒီအနိုင်ရရှိရေးကလည်း ကျွန်တော်တို့ နိုင်ချင်တိုင်း နိုင်လို့မရဘူး။ ကျွန်တော်တို့ မဲဆန္ဒရှင်ပြည်သူတွေက မဲပေးရွေးချယ်ပြီးခိုင်းမှ ကျွန်တော်တို့က လုပ်လို့ရမှာ။ ဒါကြောင့် ကျွန်တော်တို့ အနိုင်ရရှိရေးအတွက် ပြည်သူယုံကြည်လာအောင်၊ ပြည်သူအားကိုးလာအောင်၊ ပြည်သူတွေက သူတို့ခိုင်းလို့ကောင်းတဲ့ နွားကြီးမှန်း သိအောင်တော့ ကျွန်တော်တို့က ကြိုးစားပြမှာပေါ့”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် USDP ပါတီက ဦးဆောင်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနှင့် အမျိုးသား မဟာမိတ်များ အဖွဲ့ချုပ်ပါတီက တာဝန်ရှိသူများသည် နိုင်ငံရေးပါတီ ၂၄ ပါတီက သမ္မတ ဦးဝင်းမြင့်ထံသို့ တင်ပြထားသည့် အိတ်ဖွင့်အကြံပေးစာပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။