News

POST TYPE

NEWS

ဥပဒေစိုးမိုးမှုအားနည်းသည့် လှိုင်သာယာတွင် CCTV အလုံး ၁၄၀ တပ်မည်
06-Jun-2019

ရန်ကုန်၊ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ရေးအတွက် CCTV အလုံး ၁၄၀ ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

ဇွန်လ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် တိုင်းအစိုးရ သုံးနှစ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့၏ လုံခြုံရေးနည်းပညာရပ်များကို မြှင့်တင်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ ထောက်ပံ့ထားသည့် CCTV အလုံး ၂၄၀ ကျော်ရောက်ရှိနေပြီဖြစ်ပြီး ကနဦးအနေနှင့် တရားဥပဒေစိုးမိုးမှု အားနည်းသည့် လှိုင်သာယာမြို့နယ်တွင် အလုံး ၁၄၀ ကို တပ်ဆင်သွားမည်ဖြစ်ပြီး ကျန်သည့် CCTV အလုံး ၁၀ဝ ခန့်ကို ရန်ကုန်မြို့အတွင်း မီးပွိုင့်အသီးသီးရှိ CCTV မတပ်ဆင်ရသေးသည့် Traffic Control စနစ် ချိတ်ဆက်ထားသော မီးပွိုင့်များတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

လိုအပ်ပါက ရန်ကုန်မြို့ကို မြို့နယ်အလိုက် ခရိုင်အလိုက် ပိတ်ဆို့ရှာဖွေသည့် စနစ်တစ်ရပ် ထူထောင်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး တရားခံမှတ်သားမည့်စနစ်များကိုလည်း လုပ်ဆောင်သွားရန်စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ပြစ်မှုဖြစ်တဲ့ ဒဂုံတောင်လို ဒဂုံလေးမြို့နယ်လို နေရာမျိုးတွေ၊ ရွှေပြည်သာ အင်းစိန်လို နေရာမျိုးတွေမှာ ဆက်လက် လုပ်ဆောင်သွားမယ့် အစီအမံတွေ လုပ်ဆောင်သွားပါမယ်။ ဒီမြို့နယ်တွေအပြင် ရန်ကုန်မြို့ မှုခင်းအဖြစ်များတဲ့ လူနေထူထပ်တဲ့ ကျူးကျော်တွေများတဲ့နေရာတွေမှာ မှုခင်းဖြစ်မှု ပိုမိုများပြားတဲ့အတွက် ပညာပေးလုပ်ငန်းတွေပါ လုပ်ဖို့ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် နယ်လုံဝန်ကြီးအနေနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆောင်ရွက်နေသည့်စနစ်များဖြစ်သည့် အသံပိုင်းဆိုင်ရာ၊ တရားခံများ၏မျက်နှာဖတ်သည့်စနစ်များ၊ တရားခံမှတ်သားသည့် နည်းပညာများကိုလည်း စီစဉ်နေကြောင်း ရှင်းပြသွားခဲ့ပြီး ရဲတပ်ဖွဲ့၏ Call Center များနှင့် ချိတ်ဆက်မည့် တည်နေရာပြ GPS စနစ်များ ချိတ်ဆက်သွားရန် စီစဉ်နေကြောင်း စသည့်အစီအစဉ်များကိုလည်း ဆက်လက်ရှင်းပြသွားခဲ့သည်။

“မြို့နယ်အလိုက်မှာ လှည့်ကင်းဆောင်ရွက်မှုတွေရှိပါတယ်။ အဲဒီလို ဆောင်ရွက်မှုမှာ တပ်ဖွဲ့ဝင်တွေက ဒီနေရာမှာ ရှိမရှိဆိုတာ GPS စနစ်ကို စတင်ဆောင်ရွက်နေပါတယ်။ ပြည်သူက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားနေရင် ကျွန်တော်တို့က Command ကနေလှမ်းပြီး အနီးစပ်ဆုံး ဘယ်တပ်ဖွဲ့က အနီးဆုံးဖြစ်လဲဆိုတာ GPS နဲ့သိပြီး စေလွှတ်နိုင်အောင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း CCTV အလုံးရေ တစ်ထောင်ကျော် တပ်ဆင်ထားကြောင်းလည်း တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

J-8, J-10