News

POST TYPE

NEWS

ဦးဝီရသူကို ထိထိရောက်ရောက် အရေးယူမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
05-Jun-2019

ရန်ကုန်။ ဇွန် ၅

ဦးဝီရသူကိစ္စနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ယနေ့ (ဇွန် ၅ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဝီရသူကို အရေးယူနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်မှ ခွင့်ပြုချက်တောင်းခံကာ ဖမ်းဝရမ်းထုတ်ခြင်း၊ တရားစွဲဆိုခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အထိရောက်ဆုံး ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သတ်လို့ လုပ်တဲ့ ထောက်ခံပွဲမှာ နိုင်ငံတော် အကြီးအကဲတချို့ကို မမှန်မကန်တဲ့ ပြောဆိုဆောင်ရွက်ချက်တွေ ရှိလာတဲ့အတွက် ဥပဒေအကြံပြုချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြပြီး အမှုဖွင့်တာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ဦးဝီရသူသည် မေ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ပြုလုပ်ခဲ့သော ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ဟောပြောပွဲတွင် အစိုးရကိုဝေဖန်မှုများပြုလုပ်ခဲ့ပြီး ယင်းဟောပြောချက်များမှာ အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး သုံးရပ်ကို စော်ကားပြောဆိုခြင်းဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစန်းမင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးက ရာဇဝတ် အထွေထွေအမှု ကျင့် ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာထားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး ဦးဝီရသူ ကိုယ်တိုင်လည်း ပျောက်ဆုံးနေသည်။

J-08