News

POST TYPE

NEWS

ဘေးတွဲဆိုင်ကယ်များအစား တရားဝင် သုံးဘီးဆိုင်ကယ်များကို ပြောင်းလဲအသုံးပြုရန် နယ်လုံဝန်ကြီးပြော
05-Jun-2019

မော်လမြိုင်၊ ဇွန် ၅

မွန်ပြည်နယ်အတွင်းရှိ ဆိုင်ကယ်များကို ပုံပြောင်း၍ သုံးဘီးဘေးတွဲဆိုင်ကယ်အဖြစ် အသုံးပြုနေသူများအနေနှင့် ဥပဒေနှင့်အညီ သုံးဘီးဆိုင်ကယ်အဖြစ်သို့ အမြန်ဆုံးပြောင်းလဲအသုံးပြုရန် လိုအပ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။

“ဘေးတွဲဆိုင်ကယ်နဲ့ပတ်သက်ပြီး အရေးယူဖို့ရှိ မရှိဆိုရင် အခုချက်ချင်း ဖမ်းလို့ရတယ်။ ရှင်းရှင်းလေးပဲ။ အခုချက်ချင်း ဖမ်းလို့ရတယ်။ အရေးယူလို့ရတယ်။ ဥပဒေအရ မညီဘူး။ ဒါက ပုံစံပြောင်းထားတဲ့ယာဉ်၊ ဘေးတွဲဆိုတာ ဆိုင်ကယ်ကနေ ဖြစ်လာတဲ့ယာဉ် ဒါကို ဘယ်သူကမှ အာမခံချက် ပေးထားတာမရှိဘူး”ဟု ဝန်ကြီးဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုသည်။

အဆိုပါ ဘေးတွဲဆိုင်ကယ်ကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့် ဇန်နဝါရီလ လင်းယုံ ရက်တစ်ရာ စီမံကိန်းကြောင့် ဖမ်းဆီးမှုများ ဖြစ်လာပြီးနောက်ပိုင်း၊ သက်ဆိုင်ရာ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များကညှိနှိုင်း၍ ဘေးတွဲဆိုင်ကယ်များမှ တဖြည်းဖြည်း သုံးဘီးဆိုင်ကယ်အဖြစ်သို့ ပြောင်းလဲနိုင်စေရန် ညှိနှိုင်းထားသည့်အတွက် ယခုကဲ့သို့ ချက်ချင်း မဖမ်းဆီးသေးခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အဲဒီလိုဖမ်းလိုက်တဲ့အချိန်ကျတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခက် အခဲတွေ ဖြစ်လာတယ်ဆိုပြီး ပြောလာကြပြန်ရော တာဝန်ခံတဲ့လူရှိရင် ကျွန်တော်တို့က အခုချက်ချင်းဆင်းပြီး ဖမ်းလို့ရတယ်။ ကျွန်တော်တို့က ဥပဒေကြောင်းအရ အလုပ်လုပ်ရတာပါ။ ဒါသည် တရားမဝင်ပါဘူး။ အရေးယူရမယ့်အဆင့် ရှိပါတယ်။ ဒါကြောင့် မြန်မြန်လေး ပြောင်းကြပါ”ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောဆိုသည်။

ဘေးတွဲဆိုင်ကယ်အစား အစားထိုးယာဉ်ဖြစ်သည့် သုံးဘီးယာဉ်များ ပြောင်းလဲနိုင်ရေးအတွက် သထုံလွှတ်တော်ကိုယ်စားလှယ်များကလည်း ကုမ္ပဏီများနှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း၊ အစားထိုးယာဉ်များ ရောက်ရှိလာပါက ၆ လအတွင်း ဘေးတွဲများကို အပြီးပိုင် ဖျက်သိမ်းသွားရန် ဘေးတွဲဆိုင်ကယ်သမားများက သဘောတူထားကြောင်း သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောကြားသည်။

“လက်ရှိ သုံးဘီးတွေကို ဘေးတွဲသမားတွေက မဝယ်နိုင်ဘူး။ သူတို့က သိန်း ၃၀၊ ၄၀ ရှိနေတယ်။ ဘေးတွဲက ၄၊ ၅ သိန်းလောက်ပဲဆိုတော့ ဘေးတွဲက ငါးရာနဲ့ သွားနိုင်တဲ့အချိန်မှာ သုံးဘီးက တစ်ထောင်နဲ့မှ သွားနိုင်တယ်။ အဲဒီအခါကျတော့ စီးပွားရေးအရ အဆင်မပြေလာတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သထုံမှာတော့ ဒီအစားထိုးယာဉ်တွေ ရောက်လာမယ်ဆိုရင် အချိန်တစ်ခုကိုပေးပြီး အားလုံးဖျက်သိမ်းဖို့ ကတိခံဝန်ချက် ရယူထားပြီးပါပြီ”ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အနက် သထုံမြို့နယ်တွင် ဘေးတွဲယာဉ် အများဆုံးရှိကြောင်း၊ အဆိုပါဘေးတွဲယာဉ်ကို မှီခိုနေသည့် မိသားစုများလည်းရှိနေသည့်အတွက် ချက်ချင်းဖျက်သိမ်းပါက ဘေးတွဲသမားများက ဆူပူလာနိုင်ကြောင်း၊ အစားထိုးယာဉ်များရောက်လာပါက မဝယ်ယူနိုင်သူများအနေနှင့်လည်း အုံနာကြေးပေး၍ မောင်းနှင်နိုင်သူ အနေအထားရှိရန်အတွက်ကိုလည်း စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

R-21