News

POST TYPE

NEWS

နေပြည်တော်ရှိဗြိတိန်နိုင်ငံသား၏ နေအိမ်ဖောက်ထွင်းသူကို ဖမ်းမိ
05-Jun-2019
ရန်ကုန်၊ ဇွန် ၅

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ ဗြိတိန်နိုင်ငံသား၏နေအိမ်အား ဖောက်ထွင်းပြီး ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်တစ်စီး ခိုးယူသွားသည့် အမျိုးသားကို ယနေ့ (ဇွန် ၅ ရက်)က မင်းလှမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

UNO မှ အကြီးတန်း အကြံပေးအရာရှိဖြစ်သူ ဗြိတိန်နိုင်ငံသား Mr.Timrthy James Butler Bole မှာ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်၊ ခေတ္တာ ၁၄ လမ်းနှင့် ကျောက်ဆည် ၂ လမ်းထောင့်ရှိ နေအိမ်တွင် နေထိုင်ပြီး ဇွန် ၂ ရက် ညပိုင်းက ၎င်းနေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်တစ်စီး (စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၇ သိန်းကျော်)မှာ ပျောက်ဆုံးနေသောကြောင့် ခိုးမှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် ဘုရားကုန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

တိုင်ကြားချက်အရ ရဲတပ်ဖွဲ့မှ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်၍ ခိုးမှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရန်စုံစမ်းရာ ဥတ္တရသီရိမြို့နယ်၊ ကျောက်ဆည် ၂ လမ်းတွင်နေထိုင်သူ အာကာ (ခ) အာကာဖြိုးကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရန်ရှာဖွေရာ မင်းလှမြို့နယ်တွင်ရောက်ရှိနေကြောင်း သတင်းရရှိမှုကြောင့် သာယာဝတီခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းပြီး အာကာ (ခ) အာကာဖြိုးကို မင်းလှမြို့၊ ရေကျော်ကျေးရွာနှင့် ကျီးတပင်ကျေးရွာသွား လမ်းပေါ်၌ ဇွန် ၅ ရက် နံနက် ၁၁ နာရီက ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။

ဖမ်းမိသူအား ဘုရားကုန်းမြို့မ ရဲစခန်းမှ (ပ) ၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားပြီး သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ရန် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03