POST TYPE

NEWS

လမိုင်းမြို့ အွန်လိုင်းငွေစု လေလံမဲကိစ္စ မဲထည့်သူနှင့် မဲလုပ်ကိုင်သူတို့ အပြန်အလှန် အမှုဖွင့်
05-Jun-2019

မော်လမြိုင်၊ ဇွန် ၎

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းငွေစု လေလံမဲကိစ္စနှင့် ပတ်သက်ပြီး ငွေစု လေလံမဲ ထည့်သူတို့နှင့် လေလံမဲလုပ်ကိုင် သူတို့ အပြန်အလှန် အမှုဖွင့်ထားကြသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

လမိုင်းမြို့တွင် မေလ ၂၁ ရက်က ငွေစုလေလံမဲလုပ်ကိုင်သူတစ်ဦးဖြစ်သည့် မခိုင်ယဉ်မွန်က ငွေထုတ်ပေးရမည်ကို ထုတ်မပေးနိုင်သည်ကစပြီး လူစုလူဝေး ဖြစ်လာကာ မေလ ၂၂ ရက်နေ့တွင် ငွေစုလုပ်ကိုင်သူ မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကို ဝိုင်းဝန်း ရိုက်နှက်ကြသည့်အပြင် အိမ်ကို ဝင်ရောက်လုယက် ဖျက်ဆီးသည်အထိ လုပ်ဆောင်လာသည့်အတွက် ရဲတပ်ဖွဲ့ကပါ လုံခြုံရေးယူထားရသည်။

ယင်းအခြေအနေ ဖြစ်ပွားပြီးနောက် လေလံမဲလုပ်သူ မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားလိုက်ပြီးနောက် လေလံမဲထည့်အစုအဖွဲ့တို့က မခိုင်ယဉ်မွန်တို့ လင်မယားအား အမှုဖွင့်ထားကာ မခိုင်ယဉ်မွန်ကလည်း ၎င်း၏နေအိမ်နှင့် မိဘဆွေမျိုးများနေအိမ်အား ဖျက်ဆီးသူ၊ ပစ္စည်းလုယက်သူများကိုလည်း အမှုဖွင့်ထားသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်းက ပြောသည်။

“မဲထည့်တဲ့ အစုအဖွဲ့ကနေ ပုဒ်မ ၃ ခုနဲ့ အမှုတွဲ ၃၀ မှုဖွင့်ထားတယ်၊ မခိုင်ယဉ်မွန်ဘက်ကလည်း သူ့နေအိမ်၊ သူ့အမျိုးအိမ်တွေ ဖျက်ဆီးခံရလို့ ပြန်ပြီး အမှုဖွင့်ထားတာရှိတယ်၊ အဲဒီလူတွေကို ဖမ်းဆီးရမိဖို့ လောလောဆယ် စိစစ်နေဆဲပဲ။ ဖမ်းမိထားတာလည်း ရှိတယ်။ မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကိုတော့ ရေးမြို့မရဲစခန်းမှာ ချုပ်ထားပါတယ်”ဟု ရဲမှူး (ဦးစီး) မြင့်ဝင်းက ပြောသည်။

မခိုင်ယဉ်မွန်တို့ လင်မယားနှစ်ဦးကို လေလံမဲထည့်အစုအဖွဲ့တို့က တရားလို ပြုလုပ်ကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀၊ ၄၀၆ ဖြင့် အမှုတွဲ ၂၇ မှုနှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဂ) ဖြင့် အမှုတွဲ ၃ မှုဖြင့် တရားစွဲထားကြောင်း ၎င်းက ပြာသည်။

လေလံမဲလုပ်ကိုင်သူ မခိုင်ယဉ်မွန်ကလည်း ၎င်း၏ နေအိမ်နှင့် မိဘဆွေမျိုး နေအိမ်များအား ဖျက်ဆီးခြင်း၊ ပစ္စည်းလုယက်ခြင်းခံရသဖြင့် ဥပဒေပုဒ်မ ၃၉၅ ဖြင့် အမှုတွဲ ၃ မှုဖွင့်ထားပြီး မခိုင်ယဉ်မွန်နှင့် ဆွေမျိုးတော်စပ်သူ မငြိမ်းသာယာကလည်း ဥပဒေပုဒ်မ ၃၉၅ ဖြင့် အမှု ၁ မှု ဖွင့်ထားသည်။

“ခိုင်ယဉ်မွန်မှာ ထည့်ထားတဲ့ စုမဲတွေက တစ်ယောက်မှ မရသေးဘူး။ အမှုဖွင့်ထားကြတယ်၊ လောလောဆယ်တော့ လူတွေက ငြိမ်နေကြတယ်”ဟု ငွေစုလေလံမဲတွင် ငွေကျပ်သိန်းဂဏန်း ထည့်ဝင်ခဲ့သည့် မဝင်းက ပြောသည်။

မေလ ၂၁ ရက်နှင့် ၂၂ ရက်နေ့က လူစုလူဝေးမှု လူအုံကြွမှု ဖြစ်ပွားခဲ့သည့် လမိုင်းမြို့၌ လက်ရှိ အခြေအနေတွင် တည်ငြိမ်နေသော်လည်း လူစုလူဝေးမှု လူအုံကြွမှု ပြန်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ရဲတပ်ဖွဲ့က လုံခြုံရေးယူထားရဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးကလည်း အဆိုပါ ငွေကြေးကိစ္စနှင့် ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်လုပ်ခြင်း၊ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခြင်းများပြုလုပ်မည်ဆိုပါက မည်သူ့ကိုမဆို ဥပဒေနှင့်အညီ အဆင့်လိုက်ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ဇွန်လ ၄ ရက် နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ တတိယ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

Dawei Watch