News

POST TYPE

NEWS

ရွှေဟင်္သာဘောလုံးကွင်းနှင့် ဈေးကို ပညာရေးဝန်ကြီးဌာနမှ စည်ပင်သို့ တရားဝင်လွှဲပြောင်း ပြုပြင်မည်
05-Jun-2019

ရန်ကုန်၊ ဇွန် ၎

လှိုင်မြို့နယ်ရှိ ရွှေဟင်္သာဘောလုံးကွင်းနှင့် ရွှေဟင်္သာဈေးကို ပညာရေး ဝန်ကြီးဌာနမှ ရန်ကုန်စည်ပင်သာယာရေး ကော်မတီသို့တရားဝင် လွှဲပြောင်းပြီးဖြစ်သောကြောင့် ရန်ကုန်တိုင်းလွှတ်တော် တွင် ဘတ်ဂျက်တရားဝင်တောင်းကာ ပြုပြင်သွားမည်ဖြစ်ကြောင်း လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်မာဌေးက ပြောကြားသည်။

အဆိုပါ ရွှေဟင်္သာဘောလုံးကွင်းနှင့် ရွှေဟင်္သာဈေးကို ပြုပြင်ဆောင်ရွက်ရန်အတွက် ဘတ်ဂျက်ရေးဆွဲရန် သတ်မှတ်ပြီးသောကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အပြီး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရွှေဟင်္သာဘောလုံးကွင်းက ပညာရေးအပိုင်ဖြစ်တဲ့အတွက် ထိန်းသိမ်းဖို့က ခက်တယ်။ ထိန်းသိမ်းမှုမရှိတဲ့အတွက် အမှိုက်ပုံကြီးတွေဖြစ်တယ်။ အဲဒီအတွက် အခက်အခဲတွေဖြစ်နေတယ်။ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး Public နေရာပျောက်မှာစိုးလို့ ဝန်ကြီးချုပ်ကိုစာတွေတင်တယ်။ အခုက ဒီလထဲမှာ ပညာရေးက YCDC လက်အောက်ကို လွှဲပြီဆိုတော့ YCDC က ဈေးဆိုဈေးနဲ့တူအောင် အားကစားကွင်းဆို အားကစားကွင်းနဲ့တူအောင် ထိန်းသိမ်းလို့ရပြီ”ဟု ဒေါ်ခိုင်မာဌေးက ဆိုသည်။

ရွှေဟင်္သာဈေးမှာ ယခုလက်ရှိတွင် (ဃ) ဈေးအဆင့်သာရှိသောကြောင့် ဈေးသည်များကို ဈေးထဲတွင် စနစ်တကျ ရောင်းချနိုင်ရန်အတွက် မြေပိုင်ဆိုင်မှုမှာ YCDC လက်အောက်သို့ တရားဝင်ရောက်ရှိပါက ဈေးကြီးအဖြစ် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက်ရှိ ရွှေဟင်္သာဘောလုံးကွင်းနှင့် ရွှေဟင်္သာဈေးကို ယခုလက်ရှိတွင် အမှိုက်ကားများဖြင့် ရှင်းလင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများကို ဆောင်ရွက်ကာ ထိန်းသိမ်းထားလျက်ရှိကြောင်း လှိုင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

လှိုင်မြို့နယ်တွင် (၁၆) ရပ်ကွက် ရှိပြီး (၁၁) ရပ်ကွက်ရှိ ရွှေဟင်္သာဘောလုံးကွင်းတွင် ယခင်က တရားပွဲများ၊ စာပေဟောပြောပွဲများ၊ အားကစားပွဲများကျင်းပ ပြုလုပ်ခဲ့ပြီး ယင်းအားကစားကွင်းပြုပြင် ဆောင်ရွက်ပြီးပါက ယခင်ကဲ့သို့ ပွဲတော်များပြန်လည်ကျင်းပနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

J-10