News

POST TYPE

NEWS

ဆေးခြောက်ပင်စိုက်ပျိုးသည်ဟု စွပ်စွဲခံရသည့် အမေရိကန်နိုင်ငံသားများကို လဝကအက်နှင့် မျိုးစေ့ဥပဒေတို့ဖြင့် ထပ်မံ အမှုဖွင့်
05-Jun-2019

မန္တလေး၊ ဇွန် ၎

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် စိုက်ခင်းဧရိယာအတွင်း စိုက်ပျိုးထားသည့် ချဉ်ပေါင်လျှော်ပင် (Hemp) ကို ဆေးခြောက်ပင်အဖြစ် အတည်ပြုပြီးနောက် စိုက်ခင်းတာဝန်ရှိသူ အမေရိကန်နိုင်ငံသားများကို မူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆိုထားရာမှ ဇွန်လ ၃ ရက်နေ့က မျိုးစေ့ဥပဒေနှင့် လဝက အက်ဥပဒေတို့ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အမေရိကန်နိုင်ငံသားများနှင့် စိုက်ခင်းဝန်ထမ်း မြန်မာလူမျိုးနှစ်ဦးကို ရဲတပ်ဖွဲ့က စွပ်စွဲထားသည့် မူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုကို ဇွန်လ ၄ ရက်နေ့ မွန်းလွဲက စတင်စစ်ဆေးခဲ့ပြီး တရားလိုအုပ်ချုပ်ရေးမှူးကို စစ်ဆေးခဲ့သည်။

ယင်းစစ်ဆေးဆဲအမှုအပြင် ငါန်းဇွန် မြို့နယ် ရဲတပ်ဖွဲ့က အမှုကို စစ်ဆေးလျက်ရှိရာ ခရိုင်ဥပဒေအကြံပေးအဖွဲ့၏ အကြံပေးချက်အရဟုဆိုကာ အမေရိကန်နိုင်ငံသား Mr. John Fresric Todoroki နှင့် Mr. Martin Chi Cheong Pun တို့ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်းမရှိသော အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်ပေးခြင်း၊ လိုင်စင်မရှိဘဲ လုပ်ကိုင်ခဲ့သည်ဟုဆိုပြီး မျိုးစေ့ဥပဒေ ပုဒ်မ၂၈ ဖြင့် ထပ်မံအမှုဖွင့်ထားခြင်းဖြစ်သည်။ 

ယင်းအပြင် Mr. John Fresric Todoroki သည် မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် သတ်မှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ ငါန်းဇွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဒုဦးစီးမှူးက တရားလိုပြုလုပ်ကာ တိုင်တန်းသည့်အတွက် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်ထားသည်။

အဆိုပါစိုက်ခင်းနေရာကို ဧပြီလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ စက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက် အာနိသင်ပါရှိသည်ဟုယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ စိုက်ခင်းအတွင်းရှိ ပင်မအဆောက်အအုံအတွင်း ဆေးခြောက်ဟု ယူဆရသည့် အစေ့၊ အဆီ၊ အစေး စသည့်တို့အပြင် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကိုတွေ့ရှိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းပစ္စည်းများတွင် ဓာတ်ခွဲခန်းတစ်ခုအပါအဝင် ဓာတ်ခွဲခန်းသုံးပစ္စည်းများမှာလည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ အသုံးပြုလုပ်ဆောင်နေခြင်းဖြစ်၍ ယခုကဲ့သို့ အမှုဖွင့်ထားရခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စိုက်ခင်းဝန်ထမ်းများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့အား မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၆ (က)/ ၁၉ (က)/ ၂၀ (က)/၂၁ တို့အရ ငါန်းဇွန်မြို့မ ရဲစခန်းက အမှုတည်ဆောက်ခဲ့သော်လည်း တရားရုံးက ၁၆ (က) (ခ)/ ၁၉ (က)/၂၀ (က) (ခ) တို့ဖြင့် အမှုကို လက်ခံထားသည်။

အဆိုပါ Hemp စိုက်ခင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တရားဝင်တင်ပြ ပြီး စမ်းသပ်စိုက်ခင်းအဖြစ် တစ်နှစ်ခွင့်ပြုထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် သုံးကြိမ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ဖမ်းဆီးခံရချိန်မှာ တစ်နှစ်ပြည့်ရန် လအနည်းငယ်သာလိုတော့ပြီး နောက်ဆုံးရာသီပတ်အဖြစ် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့သာစက်မှုဇုန်တာဝန်ရှိသူများထံမှ သိရသည်။  

M-04