News

POST TYPE

NEWS

မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများမှ ကန်ဒေါ်လာ ၆၇၆ သန်း ရင်းနှီးမြှုပ်နှံ
05-Jun-2019

ရန်ကုန်၊ ဇွန် ၅

၂၀၁၈-၁၉ ဘဏ္ဍာနှစ်စ အောက်တိုဘာလမှ မေလအထိ ရှစ်လအတွင်း မော်တော်ကားနှင့် မော်တော်ဆိုင်ကယ် တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ၁၂ ခုမှ အမေရိကန်ဒေါ်လာ ၆၇၆ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ သိရသည်။

အဆိုပါ မော်တောကားတပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်း ၁၂ ခုတွင် စင်ကာပူမှ ၃ ခု၊ ဂျပန်မှ ၂ ခု၊ မလေးရှားမှ ၂ ခု၊ တရုတ်မှ ၁ ခု၊ ကိုးရီးယားမှ ၁ ခု၊ ဟောင်ကောင်မှ ၁ ခု၊ အိန္ဒိယ ၁ ခုနှင့် ထိုင်ဝမ်မှ ၁ ခု ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းစာရင်းများအရ သိရသည်။

ယင်းလုပ်ငန်းများထဲတွင် ဆူဇူကီး၊ Isuzu၊ Nissan၊ Scania နှင့် Ford ကားထုတ်လုပ်သည့်လုပ်ငန်းများလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Nissan မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းသည် အမေရိကန်ဒေါ်လာ ၅၅၉ သန်းအထိ ရင်းနှီးမြှုပ်နှံထားပြီး မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒုတိယအများဆုံးအဖြစ် Ford မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းသည့် အမေရိကန်ဒေါ်လာ ၄၅ သန်းအထိ ရင်းနှီးမြှုပ်နှံထားသည်။

ယင်းလုပ်ငန်းများသည် ရန်ကုန်တိုင်းတွင်လုပ်ငန်း ၈ ခု၊ မန္တာလေးတိုင်းတွင် ၁ ခု၊ ပဲခူးတိုင်းတွင် ၂ ခုနှင့် ကရင်ပြည်နယ် တွင် ၁ ခုတွင် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။

မော်တော်ယာဉ်ထုတ်လုပ်သောလုပ်ငန်းပါဝင်သည့် စက်မူကဏ္ဍတွင် ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိပြီး ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများထဲတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးလုပ်ငန်းဖြစ်သည်။

မျိုးစန္ဒာ