POST TYPE

NEWS

အတိုးနှုန်းမြင့်မားသည့် ငွေချေးလုပ်ငန်းများ ဗဟိုဘဏ်ထံ၌ တရားဝင်လိုင်စင်မရှိ
05-Jun-2019


ရန်ကုန်၊ ဇွန် ၎

အွန်လိုင်းမှတစ်ဆင့် အပေါင်ပစ္စည်းမလို မိနစ် ၃၀ အတွင်း ငွေချေးယူနိုင်သည့် လုပ်ငန်းများသည် ဗဟိုဘဏ်က တရားဝင် ငွေကြေးလုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုထားခြင်းမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လုပ်ငန်းလိုင်စင်ချမပေးထားဘူး။ ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်၊ ဘဏ်လုပ်ငန်း မဟုတ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် မပေးထားဘူး”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ၌ အွန်လိုင်းတွင် ခေတ်စားလျက်ရှိသော အပေါင်ပစ္စည်းမလို၊ လူကိုယ် တိုင်လာရောက်ရန်မလို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူငွေချေးနိုင်သည့် လုပ်ငန်းများသည် တရားဝင် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားသော်လည်း ဝန်ဆောင်ခခေါင်းစဉ်ဖြင့် ၁၀ ရက်လျှင် အတိုးနှုန်း ၃၀ ရာခိုင်နှုန်း၊ ရက် ၂၀ လျှင် အတိုးနှုန်း ၃၅ ရာခိုင်နှုန်းနှင့် ရက် ၃၀ လျှင် အတိုးနှုန်း ၄၀ ရာခိုင်နှုန်းလောက်အထိ တောင်းခံမှုများရှိနေကြောင်း ယင်းလုပ်ငန်းများ၏ ကြေညာချက်များအရ သိရသည်။

အဆိုပါလုပ်ငန်းများသည် အနည်းဆုံး ငွေကျပ် ငါးသောင်းမှ အများဆုံး ခုနစ်သိန်းအထိ ချေးငွေများချထားပေးပြီး လျှောက်ထားသူသည် ၎င်းတို့ချထားပေးသည့် အက်ပလီကေးရှင်းလင့်ခ်မှတစ်ဆင့် Android၊ IOS App ဖြင့် ဆွဲယူလျှောက်ထားနိုင်မည်ဖြစ်သည်။ 

လျှောက်ထားသူသည် အများဆုံး ချေးငွေကာလ တစ်လသတ်မှတ်ပေးထား ပြီး ၁၀ ရက်၊ ရက်နှစ်ဆယ်၊ ရက်သုံးဆယ် ရွေးချယ်နိုင်ပြီး မှတ်ပုံတင်အရှေ့အနောက်ပုံ၊ အိမ်ထောင်စုစာရင်း၊ ကျောင်းသားကတ်ဖြင့်လျှောက်ထားနိုင်ပြီး ငွေချေးယူလိုသည့် အကြောင်းအရာ၊ လူအမည်ဖြင့် လျှောက်ထားရပြီး အက်ပလီကေးရှင်း စတင်အသုံးပြုပါက တည်နေရာကို ဖုန်းတွင် ဖွင့်ထားရမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းများထံမှ သိရသည်။

ချေးငွေရရှိသူများကို ပုဂ္ဂလိက အချို့၏ ဘဏ်စာရင်းများမှတစ်ဆင့် ချေးငွေချထားပေးခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်၏အကြံပေး ဦးသန်းလွင်က “ဒီလိုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တရားမဝင်ဘူးလို့ထင်တယ်။ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းတွေအတွက် အတိုးနှုန်းကို တစ်နှစ်အများဆုံး ၂၀ ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေဆိုရင် တစ်လ ၃ ရာခိုင်နှုန်းနဲ့ တစ်နှစ် ၃၆ ရာခိုင်နှုန်းအထိပဲ သတ်မှတ်ထားတယ်။ ဒီလိုအတိုးနှုန်းကြီးတဲ့လုပ်ငန်းက လုပ်ကိုင်ခွင့်မရှိလောက်ဘူး”ဟု ရှင်းပြသည်။

ယခုကဲ့သို့ ငွေကြေးလုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းများသည် အွန်လိုင်းအသုံးပြုသူများအကြား ရေပန်းစားလျက်ရှိပြီး အများစုမှာ ငွေကြေးမတတ်နိုင်သူများနှင့် အလုပ်အကိုင်မဖော်ပြနိုင်သည့် လူတန်းစားအကြား အရေးပေါ်ငွေရလမ်း ဖြစ်နေကာ အတိုးနှုန်းမြင့်မားမှုကြောင့် နောက်ပိုင်းတွင် ချေးငွေယူသူအတွက် ငွေကြေးအခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရ ပုဂ္ဂလိကဘဏ် ၂၉ ခု၊ ဘဏ်နှင့် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု၊ နိုင်ငံခြား ဘဏ်များ (သို့မဟုတ်) ငွေရေးကြေးရေးအဖွဲ့ အစည်းများထံမှ အကျိုးတူရင်းနှီးမြှုပ်နှံမှုကို ၃၅ ရာခိုင်နှုန်းအထိ လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။ 

ပြည့်ဖြိုးမြင့်မွန်