News

POST TYPE

NEWS

ကမ္ဘာ့အသေးငယ်ဆုံး ကလေးငယ်လေး ကျန်းမာရေး စိတ်ချရပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရ
30-May-2019

လော့စ်အိန်ဂျလိစ်၊ မေ ၃၀

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် မွေးဖွားခဲ့သော ကမ္ဘာ့အသေးငယ်ဆုံး ကလေးငယ်လေးသည် ကျန်းမာရေးစိတ်ချရပြီဖြစ်၍ လာမည့်ဇွန်လဆန်းတွင် ဆေးရုံဆင်းကာ မိဘများနှင့်အတူ နေအိမ်သို့ ပြန်နိုင်တော့မည်ဖြစ်ကြောင်း The Bangkok Post က ဖော်ပြထားသည်။

ဆေးဘိုင်းဟု ဆေးရုံဝန်ထမ်းများက ချစ်စနိုးဖြင့် အမည်မှည့်ခေါ်ထားသော သမီးမိန်းကလေးသည် ဆန်ဒီယေဂိုရှိ မိခင်နှင့် ကလေးငယ်များအတွက် သီးသန့် ဆောက်လုပ်ထားသော ရှပ်မေရိဘစ်ချ်ဆေးရုံတွင်ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး မွေးဖွားခါစကို သူမကို အသက်ရှင်နိုင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြောင်း ဆေးရုံသူနာပြုတစ်ဦးဖြစ်သူ အမ်မာဝီးစ်က အသိပေးသွားခဲ့သည်။

ဆေးဘိုင်းသည် မွေးဖွားခါစအချိန်တွင် ကိုယ်အလေးချိန် ၂၅၅ ကီလိုဂရမ်သာရှိခဲ့ပြီး ယင်းမှာ ပန်းသီးအကြီးစားတစ်လုံးနှင့် အလေးချိန် ညီတူသော ပမာဏဖြစ်ကြောင်း ဆရာဝန်များက ရှင်းပြထားသည်။

ဆေးဘိုင်းသည် လက်ရှိတွင် အသက် ၂၃ ပတ်နှင့် သုံးရက်အရွယ်ရှိလာခဲ့ပြီဖြစ်ပြီး ဆေးဘိုင်းကို မွေးဖွားအပြီးတွင် သူမတို့အနေနှင့် တစ်နာရီခြားတစ်ခါ အလှည့်ကျစောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြရကြောင်းလည်း သူနာပြု အမ်မာဝီးစ်က ပြောကြားသွားခဲ့သည်။

ဆေးဘိုင်းသည် များမကြာမီတွင် ဂင်းနစ်စံချိန်တင်မှတ်တမ်းတွင် ထည့်သွင်းခြင်းခံရတော့မည်လည်းဖြစ်ပြီး သူမမတိုင်မီတွင် ၂ဝ၁၅ ခုနှစ် ကမ္ဘာ့အသေးငယ်ဆုံးမွေးကင်းစ ကလေးငယ်အဖြစ် စံချိန်တင်ခဲ့ဖူးသော  ဂျာမနီနိုင်ငံမှ ကလေးငယ်မှာ ဆေးဘိုင်းထက် ကိုယ်အလေးချိန် ခုနစ် ဂရမ်ပိုခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြထားသည်။

ဆေးဘိုင်းသည် လက်ရှိတွင် ကိုယ်အလေးချိန် ငါးပေါင်ရှိလာခဲ့ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် သမီးငယ်လေးကို နေအိမ်သို့ ခေါ်ဆောင်သွားနိုင်တော့မည်ဖြစ်၍ အတိုင်းမသိ ဝမ်းသာနေကြောင်း ဆေးဘိုင်း၏မိဘများက အသိပေးထားသည်။

E-11