News

POST TYPE

NEWS

ဝမ်းလျှောရောဂါအတွက် ဆေးကုသစရိတ် ဘတ်သုံးသောင်း တောင်းခံခဲ့သော ပုဂ္ဂလိကဆေးရုံကို ထိုင်းအာဏာပိုင်များ အရေးယူရန် စီစဉ်
24-May-2019


ဘန်ကောက်၊ မေ ၂၄

ထိုင်းအစိုးရအာဏာပိုင်များသည် သာမန်အစာအိမ်နာကျင်မှုဝေဒနာနှင့် ဝမ်းလျှောရောဂါအတွက် ဆေးကုသစရိတ် ဘတ်သုံးသောင်းအထိ ရယူလိုက်သော ပုဂ္ဂလိကဆေးရုံတစ်ခုကို အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း The Nation က ဖော်ပြထားသည်။

ဆေးကုသမှုခံယူခဲ့သူနှင့် ၎င်း၏မိသားစုဝင်များက ပြည်တွင်းကုန်သွယ်ရေးဌာန၏ အရေးပေါ်ဖုန်းနံပါတ်ဖြစ်သော ၁၅၆၉ သို့ ဆက်သွယ်ခေါ်ဆိုကာ တိုင်ကြားလာခဲ့အပြီးတွင် အစိုးရအာဏာပိုင်များဘက် စစ်ဆေးမှုများ အလျင်အမြန် ဆောင်ရွက်ရန် စီစဉ်လိုက်ကြခြင်းဖြစ်သည်ဟု ထိုင်းသတင်းမီဒီယာများက ရေးသားထားသည်။

လွန်ခဲ့သည့်ဇန်နဝါရီလက ထိုင်းအစိုးရအာဏာပိုင်များသည် ပုဂ္ဂလိကဆေးရုံများ၌ ဆေးဝါးနှင့် ဆေးကုသမှုစရိတ်များ အဆမတန် မြင့်မားနေခြင်းကို ထိန်းချုပ်ကိုင်တွယ်ရန် မူဝါဒလမ်းစဉ်ချမှတ်ထားပြီး ထိုင်းအစိုးရအာဏာပိုင်များဘက်က ဂုဏ်သိက္ခာစောင့်ထိန်းပေးသောအနေနှင့် ယင်းပုဂ္ဂလိကဆေးရုံ၏အမည်ကို လျှို့ဝှက်ပေးထားဆဲဖြစ်သည်။

တာဝန်ရှိသူများ ယင်းဆေးရုံးနှင့်သက်ဆိုင်သော အကြီးအကဲများကို ယခုကိစ္စရပ်အတွက် လာရောက်ဖြေရှင်းချက်ပေးရန် ဆင့်ခေါ်ထားပြီဖြစ်ပြီး လူနာဘက်က တိုင်ကြားမှုသာ မှန်ကန်နေခဲ့မည်ဆိုပါက ယင်းပုဂ္ဂလိကဆေးရုံကို စံနမူနာပြအဖြစ် ကြီးလေးသောပြစ်ဒဏ်ချမှတ်ကာ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင်များက အသိပေးထားပြီလည်းဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ချူးတီမားသည် ယခုသီတင်းပတ်အတွင်း၌ ပုဂ္ဂလိကဆေးရုံများ၏ဆေးကုသစရိတ်နှင့် ဆေးဝါးဈေးနှုန်း ထိန်းချုပ်ရေးဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးပေးဖွယ်ရှိနေပြီး ယင်းဥပဒေအသက်ဝင်လာခဲ့ပါက ပုဂ္ဂလိကဆေးရုံများသာမကဘဲ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစုများ၊ ဆေးဝါးတင်သွင်းရေးလုပ်ငန်းစုများနှင့် ဆေးဝါးဖြန့်ချိရေးလုပ်ငန်းစုများမှာလည်း ယင်းဥပဒေသစ်အတိုင်းသာ အလုပ်လုပ်ကြရတော့မည်ဖြစ်သည်။

သာမန်အစာအိမ်နာကျင်မှုဝေဒနာနှင့် ဝမ်းလျှောရောဂါအတွက် ဆေးကုသစရိတ် ဘတ်သုံးသောင်းအထိ ရယူလိုက်သော ပုဂ္ဂလိကဆေးရုံသည် ယင်းသို့လုပ်ဆောင်ခဲ့ကြောင်း မှန်ကန်ခဲ့ပါက ဆေးရုံ၏အမှုဆောင်အရာရှိမှာ ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံရနိုင်ပြီး ဆေးရုံအနေနှင့် ဒဏ်ကြေး ဘတ် ၁၄၀,၀၀၀ ပေးဆောင်ရဖွယ်ရှိနေသည်။

E-11


  • VIA