News

POST TYPE

NEWS

ငွေရေးကြေးရေး နည်းပညာပိုင်းစိန်ခေါ်မှုအစီအစဉ် မိတ်ဆက်
24-May-2019

ရန်ကုန်၊ မေ ၂၃

ငွေရေးကြေးရေးနည်းပညာပိုင်း စိန်ခေါ်မှုအစီအစဉ်ကို UK aid နှင့် AusAID ၏ ဘဏ္ဍာရေးပံ့ပိုးမှု၊ Dana Facility၊ ကုလသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (UNCDF) နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကာ ငွေရေးကြေးရေး နည်းပညာပိုင်းစိန်ခေါ်မှု အစီအစဉ်ကို စတင်မိတ်ဆက်လိုက်သည်။

မြန်မာနိုင်ငံတွင် အများနှင့် အကျုံးဝင်သည့် ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကို မြှင့်တင်ရန်နှင့် တီထွင်ဆန်းသစ်မှု အားကောင်းစေရန် အစီအစဉ်ရေးဆွဲခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနတို့ဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းအစီအစဉ်သည် ADB ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် Fintech Lab မဲခေါင်ဒေသအတွင်း အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အကောင်အထည်ဖော်လျက်ရှိသည့် Fintech အစီအစဉ်များနှင့် မြန်မာနိုင်ငံတွင် ပြိုင်တူအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း DaNa Facility ထံမှ သိရသည်။

“ငွေရေးကြေးရေး နည်းပညာပိုင်း စိန်ခေါ်မှုကတစ်ဆင့် ဖြေရှင်းနည်းလမ်းတွေကို Fintech ကုမ္ပဏီတွေက မြန်မာ့ဘဏ္ဍာရေးဝန်ဆောင်မှု ပေးသူတွေကို ပြသသွားမှာဖြစ်တဲ့အတွက် ဒီအစီအစဉ်ကို သဘောကျပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ ဒီလိုဆန်းသစ်တီထွင်လုပ်ဆောင်မှုများ လိုအပ်နေပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ပြောကြားသည်။

ယင်းအစီအစဉ်တွင် ဘဏ္ဍာရေးအဖွဲ့များနှင့် ပူးပေါင်းကာ အသေးစား အာမခံလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာ ငွေကြေးပံ့ပိုးမှု၊ ဘဏ္ဍာရေးဆိုင်ရာ သိမြင်နားလည်မှုနှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် အထောက်အထား စိစစ်အတည်ပြုသည့်စနစ် အစရှိသည့်နယ်ပယ်များမှ စိတ်ပါဝင်စားသည့် ငွေရေးကြေးရေး နည်းပညာ (Fintech) ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားပြီး စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေနှင့် ဇွန်လတွင် စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်သွားသည့် လျှောက်ထားသူများကို စီးပွားရေးလုပ်ငန်းမော်ဒယ်လ်များ ရေးဆွဲနိုင်ရန် ကူညီသွားမည်ဖြစ်ပြီး အကောင်းဆုံးရွေးချယ်ခံရသည့် ငွေရေးကြေးရေးနည်းပညာ၊ ဖြေရှင်းနည်းများကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် Myanmar Fintech Day တွင် ဝင်ရောက်ပြသနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ အများနဲ့ အကျုံးဝင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေ ရရှိဖို့အတွက် ငွေရေးကြေးရေး နည်းပညာတွေကို အလေးပေးဆောင်ရွက်နေပါတယ်”ဟု UK aid မြန်မာ၏ Inclusive and Livehoods အဖွဲ့ခေါင်းဆောင် Tom Coward က ပြောကြားသည်။

ပြိုင်ပွဲအစီအစဉ်အသေးစိတ်ကို DaNa Facility ဝက်ဘ်ဆိုက်တွင် ကြေညာသွားမည်ဖြစ်ပြီး DaNa Facility သည် UK aid ထောက်ပံ့လျက်ရှိသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၌ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

J-11