News

POST TYPE

NEWS

အိန္ဒိယရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် မိုဒီ သောင်ပြိုကမ်းပြို အနိုင်ရအောင်ပွဲခံ
23-May-2019


နယူးဒေလီ၊ မေ ၂၃

အိန္ဒိယနိုင်ငံတွင် ယနေ့ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်မိုဒီနှင့် ၎င်း၏ဘာရာတီးယား ဂျာနားတားပါတီက မဲအပြတ်အသတ်ဖြင့် သောင်ပြိုကမ်းပြို အောင်ပွဲခံသွားခဲ့ပြီဖြစ်ကာ ယင်းအတွက် မိုဒီမှာ အိန္ဒိယနိုင်ငံကို ဝန်ကြီးချုပ်ရာထူးဖြင့် နောက်ထပ်ငါးနှစ် ထပ်မံဦးဆောင်ခွင့်ရသွားခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ဘာရာတီးယား ဂျာနားတားပါတီက ဦးဆောင်သော အမျိုးသားဒီမိုကရက်မဟာမိတ်အဖွဲ့သည် လက်ရှိတွင် အမတ်နေရာပေါင်း ၃၄၅ နေရာအထိ ရရှိသွားခဲ့ပြီဖြစ်ပြီး ၀န်ကြီးချုပ် မိုဒီမှာ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်လည်း ယခုကဲ့သို့ပင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ဖူးသည်။

ပါတီတစ်ခု သို့မဟုတ် မဟာမိတ်အဖွဲ့တစ်ဖွဲ့သည် အမတ်နေရာ ၅၄၃ နေရာရှိသော ပါလီမန်၏အောက်လွှတ်တော်တွင် အနိမ့်ဆုံးအဖြစ် အမတ်နေရာ ၂၇၂ နေရာရရှိရန် လိုအပ်ပြီး လက်ရှိတွင် မိုဒီ၏ဘာရာတီးယား ဂျာနားတားပါတီက ဦးဆောင်သော အမျိုးသား ဒီမိုကရက်မဟာမိတ်အဖွဲ့မှာ လိုအပ်သည်ထက် ကျော်လွန်သော အမတ်နေရာကို ပိုင်ဆိုင်ရရှိသွားခဲ့ပြီလည်းဖြစ်သည်။

ဝန်ကြီးချုပ် မိုဒီသည် ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း “အိန္ဒိယဟာ ထပ်ပြီး နိုင်သွားခဲ့ပြန်ပါပြီ”ဟုရေးသား၍ အသိပေးထားပြီဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရမိန့်ခွန်းကို ဒေလီမြို့ရှိ BJP ရုံးချုပ်တွင် မိုဒီက အိန္ဒိယစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ပြောကြားဖွယ်ရှိနေသည်။

E-11