News

POST TYPE

NEWS

ကန်ချနာဘူရီသစ်တောတွင်းသို့ ဝင်ရောက်၍ အမဲလိုက်သော ကေအင်န်ယူလက်နက်ကိုင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
23-May-2019


ဘန်ကောက်၊ မေ ၂၃

ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) လက်နက်ကိုင်တစ်ဦးကို ကန်နချာဘူရီသစ်တောတွင်း၌ အမဲလိုက်ခဲ့သည့်အတွက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း The Bangkok Post က ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဆာတုအမည်ရ ကေအင်န်ယူလက်နက်ကိုင်ကို ကန်ချနာဘူရီသစ်တောဝင်းအတွင်းရှိ ခါလိုသစ်တောအုပ်တွင် ယမန်နေ့နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုင်းယော့ခ်အမျိုးသားပန်းခြံ အကြီးအကဲ ပါနာချာကွန်းက အသိပေးသွားခဲ့သည်။

ပါနာချာကွန်းသည် သစ်တောဝန်ထမ်းနှင့် စစ်သားများပါရှိသော အဖွဲ့တစ်ခုနှင့်အတူ ကေအင်န်ယူလက်နက်ကိုင်များ အမဲလိုက်နေသည်ဟု သတင်းရရှိသည့်နေရာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အမဲလိုက်နေသော ကေအင်န်ယူလက်နက်ကိုင်များမှာ သုံးဦးဖြစ်သော်လည်း ဆာတုတစ်ဦးတည်းကိုသာ ဖမ်းဆီးရမိပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပါနာချာကွန်းက ဆက်လက်ပြောကြားသွားခဲ့သည်။

ဆာတုသည် စောင်ပုခက်အတွင်း၌ အနားယူနေစဉ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ၎င်းတို့ရောက်ရှိမလာမီတွင် ထွက်ပြေးသွားခဲ့သူမှာ ကိုရာဖြစ်ကြောင်း၊ ၎င်းတို့ဝင်ရောက်လာချိန်၌ စောင်ပုခက်က ခုန်ချ၍ လွတ်မြောက်သွားခဲ့သူမှာ ဆာပိုင်းဖြစ်ကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။

သစ်တောဝန်ထမ်းနှင့် စစ်သားများပါရှိသော အဖွဲ့သည် ဆာတုကို AR-15 အော်တိုရိုင်ဖယ်၊ Baikal ရိုင်ဖယ်၊ လက်လုပ်ရိုင်ဖယ်၊ သေနတ်တို ခုနစ်လက်၊ ကျည်ဆန် ၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းကေအင်န်ယူလက်နက်ကိုင်များမှာ ကြောင်ဝက်ဝံများနှင့် မျောက်များကို အမဲလိုက်သတ်ဖြတ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ပါနာချာကွန်းက အသိပေးထားသည်။

သစ်တောဝန်ထမ်းနှင့် စစ်သားများပါရှိသော အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်နှင့် သုံးကီလိုမီတာအကွာတွင် ဆာတုကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းကို ဆိုင်းယော့ခ်ရဲတပ်ဖွဲ့က တရားမဝင် ဝင်ရောက်မှု၊ တောရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက်မဲ့ အမဲလိုက်မှု၊ လက်နက်မှုများဖြင့် အမှုစွဲဆိုရန် ပြင်ဆင်နေပြီဖြစ်သည်။

E-11


  • VIA