News

POST TYPE

NEWS

မြိတ်တွင် တစ်ညတည်း အလှူပုံး ၃ ပုံးမှ ငွေများအခိုးခံရ
22-May-2019
မြိတ်၊ မေ ၂၂

မြိတ်မြို့တွင် နာရေးကူညီမှုအသင်း၏ အလှူခံပုံးတစ်ပုံးနှင့် ရေနံမြေရပ်ကွက်ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှ အလှူခံပုံးနှစ်ပုံးတို့မှ ငွေများ တစ်ညတည်း အခိုးခံခဲ့ရသည်။

သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းရှိ မြဘုရားကျောင်ဆောင်မှ အလှူခံပုံး နှစ်ပုံးအား မေလ ၂၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ရိုက်ခွဲဖျက်ဆီးပြီး အလှူငွေများအား ခိုးသွားကြောင်း အဆိုပါကျောင်းမှ ဒကာတစ်ဦးက ပြောပြသည်။

ထို့အပြင် ကန်ဖျားရပ်ကွက် မြို့မအားကစားကွင်းအရှေ့ရှိ ဓာတ်ဆီအရောင်းဆိုင်ဝင်းအတွင်း ထားရှိထားသည့် နာရေးအတွက် အလှူခံပုံးတစ်ပုံးကို မေလ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့်က အခိုးခံရကြောင်း သိရသည်။

အဆိုပါ နာရေးအလှူခံပုံးမှာ ကရုဏာ ဝဋံသက နာရေးကူညီမှုအသင်းနှင့် ချမ်းမြေ့ကျန်းမာရေး အထောက်အကူပြုအသင်း ၃ သင်းပေါင်းပြီး ပြုလုပ်ထားခြင်းဖြစ်ကြောင်း ယင်းအသင်းတို့မှ သိရသည်။

“အလှူငွေက ခုနှစ်သောင်းလောက် ရှိမယ်”ဟု ဝဋံသက နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးခင်ဇော်က ပြောသည်။

အဆိုပါ နာရေးကူညီမှုအသင်း သုံးသင်းပေါင်းပြီး ပြုလုပ်ထားသည့် အလှူခံပုံး ၁၀ ပုံးခန့်အား ရပ်ကွက်အသီးသီးရှိ လူစည်ကားရာနေရာ၊ လက်ဖက်ရည်ဆိုင်များနှင့် ဆီအရောင်းဆိုင်တို့တွင် ထားရှိပေးထားကြောင်း ယင်းအသင်းတို့မှ သိရသည်။

ယင်းအလှူငွေများမှာ ခုရက်သားသမီးများ၏ လှူဒါန်းငွေများဖြစ်ပြီး လိုချင်သည့်သူက ယူသွားခဲ့သည့်အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းတို့တွင် အမှုဖွင့်တိုင်ကြားထားခြင်း မပြုလုပ်ခဲ့ကြောင်း အတွင်းရေးမှူး ဦးခင်ဇော်က ပြောပြသည်။

Dawei Watch