News

POST TYPE

NEWS

UMFCCI နှစ်တစ်ရာပြည့် နိုင်ငံတကာပြပွဲ ကျင်းပမည်
19-May-2019

ရန်ကုန်၊ မေ ၁၉

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သည် ၂၀၁၉ ခုနှစ်တွင် ပြည့်မြောက်မည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ‘UMFCCI Centennial International Expo 2019”ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ယင်းပြပွဲသို့ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပြသနိုင်ရန်၊ နိုင်ငံတကာ ဈေးကွက်သို့ မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက်ရောင်းချနိုင်ရန်၊ ပြည်ပမှ အရည်အသွေးမြင့် သွင်းကုန်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ အခြေစိုက်နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ကို တွေ့ဆုံ၍ မေလ ၁၇ ရက်နေ့က ပြပွဲမိတ်ဆက်သည့် အခမ်းအနားပြုလုပ်ခဲ့သည်။

“ဒီပြပွဲက ဇန်နဝါရီလတုန်းက ကျင်းပခဲ့တဲ့ Invest Myanmar Summit ပွဲလို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြပွဲဖြစ်လာမှာပါ။ အများစုကလည်း လာဖို့စိတ်ဝင်စားနေကြပါတယ်”ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

ပြပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ကုန်ပစ္စည်းများ အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်။တိုင်းများမှ ဒေသထွက်ကုန် ထုတ်ကုန်ပစ္စည်းများ (Value Added ESihf Semi Finish Products) များကို ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် ပါဝင်ပြသမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

အသင်းချုပ်၏ ညီနောင်အသင်း အဖွဲ့များကလည်း တိုင်းနှင့် ပြည်နယ်များမှ အရည်အသွေးမီသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ လုပ်ငန်းအလိုက်အသင်းများဖြစ်ပါက ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရောင်းချနိုင်သည့် ပစ္စည်းများဖြင့် ပြသရောင်းချသွားမည်ဖြစ်ပြီး ပြပွဲအသေးစိတ်ကို www.umfccicentennialexpo.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

J-11