News

POST TYPE

NEWS

တောင်ငူမြို့ရှောင်လမ်းဖောက်ရန် လယ်တစ်ဧက ၃၅ သိန်းမှ သိန်း ၅၀အကြား နစ်နာကြေးပေးမည်
09-May-2019
တောင်ငူ၊ မေ ၉

တောင်ငူမြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် အဝေးပြေးကုန်တင်ယာဉ်ကြီးများ သွားလာမှုအဆင်ပြေစေရေး မြို့ရှောင်လမ်းဖောက်မည်ဖြစ်ရာ ဖြတ်သန်းရာလမ်းတစ်လျှောက် သိမ်းဆည်းခံရမည့် လယ်ယာမြေများအတွက် တစ်ဧက ကျပ် ၃၅ သိန်းမှ ကျပ်သိန်း ၅၀ အကြား နစ်နာကြေးပေးရန် ပြင်ဆင်ထားကြောင်း တောင်ငူမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးမိုးမခက ပြောကြားသည်။

“မေလ ၈ ရက်က တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ်ကြတယ်။ လတ်တလော လျာထားတဲ့ အနေအထားက အတွင်းပိုင်း လယ်တွေကို ၃၅သိန်းနဲ့ လမ်းဘေး လယ်ကွက်တွေကို ကျပ်သိန်း ၅၀ ပေးဖို့ပါ။ လူနေအိမ်ခြေတွေ မပါတဲ့အတွက် လယ်မြေတွေကိုပဲ နစ်နာကြေးပေးရမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်နိုင်ရေးအတွက် ဒသမအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး လတ်တလောအနေနှင့် ယခုဘဏ္ဍာရေးနှစ်မှစတင်ကာ ကွင်းဆင်း တိုင်းတာ စစ်ဆေးခြင်းများ လုပ်ဆောင်နေပြီး လမ်းအူကြောင်းထိုးရန် ပြင်ဆင်နေပြီဖြစ်သည်။

မြို့ရှောင်လမ်းဖောက်ရန် ကုန်ကျစရိတ်ကို ယခု ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သိန်းပေါင်း ၂၅၀၀ ခွဲဝေရရှိထားပြီးဖြစ်ကာ ကနဦး တိုင်းတာစစ်ဆေးမှုများအရ မြို့၏ မြောက်ဘက်အထွက် ကြံတောရွာအနီးမှ တောင်ဘက်အထွက် အုတ်တွင်းမြို့နယ် KBZ တိုးဂိတ်အနီးကို ဖြတ်ထွက်ရန်ပြင်ဆင်ထားကြောင်း တိုင်းလွှတ်တော်အမတ်များထံမှ သိရှိရသည်။

တောင်ငူမြို့မြောက်ဘက်အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၁၇၉ နှင့် ၃ ဖာလုံနားမှစတင်ကာ ခပေါင်းချောင်းကိုဖြတ်ပြီး တောင်ငူ-အုတ်တွင်းကြားရှိ KBZ တိုးဂိတ်အနီး မိုင်တိုင် ၁၇၂ နားကို ဖြတ်သန်းဖောက်လုပ်ရန်ပြင်ဆင်ထားပြီး အများဆုံး ကုန်ကျစရိတ်မှာ ခပေါင်းတံတားအသစ် ဆောက်ရန်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရှိရသည်။

တောင်ငူမြို့သည် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများသို့ ကုန်စည်ပို့ဆောင်ရေးလမ်းမပေါ် တည်ရှိနေသည့်အပြင် လမ်းဟောင်းသည် မြို့လူစည်ကားရာနေရာကို ဖြတ်သန်းဖောက်လုပ်ထားခြင်းကြောင့် မြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်သင့်သည်မှာ မှန်ကန်သော်လည်း လမ်းအတွက် ထိခိုက်ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်စေလိုသည်ဟု ဒေသခံအချို့က ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူခရိုင်၊ ပဲခူးခရိုင်နှစ်ခုအနက် ပဲခူး မြို့တွင် မြို့ရှောင်လမ်းတစ်ခုရှိနေပြီး သနပ်ပင်ဘက်မှ မြို့ရှောင်လမ်းတစ်ခု ထပ်မံ ဖောက်လုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့သည့်နှစ်က တင်ပြထားသော်လည်း လွှတ်တော်ကကန့်ကွက်ခဲ့ပြီး တောင်ငူမြို့ ရှောင်လမ်းကိုမူ ခွင့်ပြုပေးခဲ့သည်။

R-15