News

POST TYPE

NEWS

ကုန်သွယ်ရေး ညှိနှိုင်းမှုများတွင် တရုတ်က သဘောတူညီမှု ချိုးဖောက်သည်ဟု ထရမ့်ပြောကြား
09-May-2019

ဝါရှင်တန်၊ မေ ၉

အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေး ညှိနှိုင်းမှုများတွင် တရုတ်တို့က သဘောတူညီမှု ချိုးဖောက်သည်ဟု အမေရိကန်သမ္မတထရမ့်က ပြောဆိုကာ ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြန်မစမီ ပြစ်တင်ဝေဖန်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

တရုတ်ကုန်စည်များကို အမေရိကန်က အခွန်တိုးမြှင့်ပါက လိုအပ်သော လက်တုံ့ပြန်မှုများ ပြုလုပ်မည်ဟု ဘေဂျင်းက ပြောကြားခဲ့ပြီးနောက် သမ္မတထရမ့်၏ မှတ်ချက်ပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတထရမ့်က သောကြာနေ့တွင် ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိသော တရုတ်ကုန်စည်များကို အခွန်နှစ်ဆတိုးရန် ဆုံးဖြတ်ထားသည်။

သို့တိုင်အောင် ကြာသပတေးနေ့တွင် ဝါရှင်တန်၌ နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ကြရန် စီစဉ်ထားကြသည်။ ကုန်သွယ်ရေးညှိနှိုင်းမှုများတွင် တရုတ်က သဘောတူညီမှု ချိုးဖောက်သည်ဟု ဆွေးနွေးပွဲများမစမီ သမ္မတထရမ့်က စွပ်စွဲလိုက်ခြင်းဖြစ်သည်။

“သူတို့က သဘောတူညီမှုကို ချိုးဖောက်တယ်။ သူတို့ဒီလိုလုပ်လို့ မရပါဘူး။ ဒါကြောင့် သူတို့ ပြန်လည် ပေးဆပ်ရလိမ့်မယ်”ဟု သမ္မတထရမ့်က ဖလော်ရီဒါ လူထုစည်းဝေးပွဲတွင် ပြောကြားသည်။

အကယ်၍ နှစ်ဖက် သဘောတူညီမှု မရပါကလည်း တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၁၀၀ ပိုရသောကြောင့် ပြဿနာမရှိကြောင်း ထရမ့်က ပြောကြားသည်။

ကုန်သွယ်ရေးအငြင်းပွားနေသော စီးပွားရေး အင်အားကြီး နှစ်နိုင်ငံသည် အငြင်းပွားမှု အဆုံးသတ်စေမည့် သဘောတူညီမှုရလုနီး အခြေအနေကို မကြာသေးမီကမှ ရောက်ရှိခဲ့ပုံရသည်။ သို့ရာတွင် တရုတ်ကုန်စည် ဒေါ်လာ ၂၀၀ ဘီလီယံဖိုးကို ယခုသီတင်းပတ်အတွင်း အမေရိကန်က အခွန်တိုးမြှင့်မည်ဖြစ်ကြောင်းနှင့် အခွန်သစ်များ ချမှတ်ဖွယ်ရှိကြောင်း သမ္မတထရမ့်က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက တရုတ်တို့သည် ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် ရရှိခဲ့သော ကတိကဝတ်များကို နောက် ပြန်ဆုတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။ သို့ရာတွင် သဘောတူညီမှု ရရှိရန် ဖြစ်နိုင်ခြေရှိနေဆဲဖြစ်သည်ဟု ၎င်းက အခိုင်အမာ ဆိုသည်။

အခွန်များသည် နိုင်ငံခြားကုန်စည်ကို တင်သွင်းသူများက ပေးဆောင်ရခြင်းဖြစ်သောကြောင့် တရုတ်ကုန်စည်များအပေါ် ချမှတ်သော အခွန် ၂၅ ရာခိုင်နှုန်းကို အမေရိကန် ကုမ္ပဏီများက ပေးဆောင်ရခြင်းဖြစ်သည်။

အင်အားကြီး နှစ်နိုင်ငံအကြားမှ ကုန်သွယ်ရေးစစ်ပွဲသည် နိုင်ငံတကာ ငွေကြေးဈေးကွက်များအပေါ်တွင် ဂယက်ရိုက်ခတ်မှု ရှိနေသည်။

သောကြာနေ့တွင် တိုးမြှင့်မည့် အခွန် ၂၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကိရိယာများ၊ စက်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများနှင့် ပရိဘောဂများအပေါ်တွင် အကျုံးဝင်သက်ရောက်မည်ဟု မစ္စတာလိုက်သီဇာက ဗုဒ္ဓဟူးနေ့တွင် တရားဝင် ထုတ်ပြန်ထားသည်။

တရုတ်ကုန်စည် ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် ချမှတ်မည့်အခွန် ၂၅ ရာခိုင်နှုန်းသည် နှစ်စက ၁၀ ရာခိုင်နှုန်း ချမှတ်ထားရာမှ ထပ်မံ တိုးမြှင့်ခြင်းဖြစ်သည်။ တရုတ်ဘက်ကမူ ယင်းသို့တိုးမြှင့်ပါက လက်တုံ့ပြန်သွားမည်ဟု ပြောဆိုထားသည်။

သမ္မတထရမ့်က နောက်ထပ် တရုတ်ကုန်စည် ဒေါ်လာ ၃၂၅ ဘီလီယံဖိုးကိုလည်း အခွန် ၂၅ ရာခိုင်နှုန်း မြန်မြန်ဆန်ဆန် ချမှတ်ဖွယ်ရှိသည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။
 
F-04