News

POST TYPE

NEWS

ပဲခူးဆေးရုံကြီးတွင် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများ စတင်ခန့်ထား
05-May-2019
တောင်ငူ၊ မေ ၅

ပဲခူးတိုင်းအဆင့် ခုတင် ၅၀၀ ဆံ့ ပဲခူးဆေးရုံကြီးတွင် လူနာနှင့် လူနာစောင့်များ၏ ပစ္စည်းများ ပျောက်ဆုံးခြင်းနှင့် ဆေးရုံဝင်းအတွင်း စက်ဘီး၊ ဆိုင်ကယ် ပျောက်ဆုံးခြင်းများ မရှိစေရေး စောင့်ရှောက်ပေးနိုင်ရန် မေလဆန်းမှစ၍ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း ၅ ဦး စတင်ခန့်ထားခဲ့ကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောကြားသည်။

လုံခြုံရေးအစောင့် ၅ ဦး၏ လစာအတွက် ဆေးရုံကြီးကြပ်မှုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကော်မတီ၏ရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံသွားမည်ဖြစ်သော်လည်း ၃ လစာအတွက်သာ ဆုံးဖြတ်ထား၍ ကျန်လများအတွက် ထပ်မံ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

ဆေးရုံကြီးဝင်းအတွင်း ဝန်ထမ်းများ၊ လူနာရှင်များနှင့် ဧည့်သည်များ၏ ဆိုင်ကယ်များ၊ အသုံးအဆောင်ပစ္စည်းများ ခိုးယူခံနေရခြင်း၊ စည်းကမ်းမဲ့ လာရောက်နားနေအိပ်စက်ခြင်း၊ ကားနှင့်ဆိုင်ကယ် တက္ကစီသမားအချို့ စည်းကမ်းမဲ့ ရပ်နားနေခြင်း သာမက ဈေးသည်အချို့ဝင်ရောက်ဈေးရောင်းနေခြင်းကို ထိန်းသိမ်းနိုင်ရေး ယင်းသို့ခန့်ထားခြင်းဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ဆေးရုံလုံခြုံရေး လုပ်ငန်းများအတွက် ဆေးရုံကြီးကြပ်မှု ကော်မတီက အားဖြည့်ဆောင်ရွက်ထားပြီး သက်ဆိုင်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်နှင့် အဆင်မပြေမှုများရှိပါက လူနာများအကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ အပြုသဘောဆောင်သည့် အကြံပြုချက်များ ပေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

“အရင်က စက်ဘီး၊ ဆိုင်ကယ်အပ်ခံတဲ့နေရာရှိတယ်။ နောက်ပိုင်း မရှိတော့ဘူး။ စက်ဘီး၊ ဆိုင်ကယ်ပျောက်နေတာက အရင်ကစိပ်တယ်။ အခုလိုပုဂ္ဂလိက လုံခြုံရေးခန့်လိုက်တာ ကြိုဆိုရမှာပါ။ တစ်ခုပဲ ဘယ်ငွေနဲ့သုံးမလဲ ဆိုတာတော့ တွေးထားရမယ်”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောကြားသည်။

ပဲခူးဆေးရုံကြီးတွင် ခုတင်မလုံလောက်မှု အနည်းငယ် ရှိနေသော်လည်း တိုးချဲ့အဆောက်အအုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရန်ပုံငွေ သာမက ပြင်ပအလှူရှင်များ၏ ပံ့ပိုးမှုများနှင့်ပါ ဆောင်ရွက်နေသည်။ ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးတစ်ဦး၊ ဆရာဝန်၊ ဆရာမနှင့် ကျန်းမာရေး ဝန်ထမ်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်နေကြသည်။

R-15