News

POST TYPE

NEWS

အမေရိကန်ပြည်ထောင်စုသည် သဘောထားရိုးစင်းမှုမရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် စွပ်စွဲပြောဆို
28-Apr-2019

ဆိုးလ်၊ ဧပြီ ၂၈

ယခုနှစ်အစောပိုင်း ဗီယက်နမ်နိုင်ငံ၌ သမ္မတဒေါ်နယ်ထရမ့်နှင့် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲအတွင်း အမေရိကန် ပြည်ထောင်စုသည် သဘောထားရိုးစင်းမှု မရှိခဲ့ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ထုတ်ဖော်စွပ်စွဲလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတဒေါ်နယ်ထရမ့်နှင့် ဗီယက်နမ်တွင် နောက်ဆုံး ကျင်းပပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ၌ အမေရိကန်ပြည်ထောင်စုသည် သဘောထား ရိုးစင်းဖြောင့်မတ်မှုမရှိဟု ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားကြောင်း KCNA သတင်းဌာနကဆိုသည်။

သို့သော် ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးဟူသည် ဝါရှင်တန်အစိုးရအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေမည်ဖြစ်သည်ဟု ကင်ဂျုံအန်းက သတိပေးထောက်ပြသည်။

လူငယ်ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဗလာဒိုဗော့စတော့မြို့၌တွေ့ဆုံစဉ် အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်သော အဆိုပါမှတ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ကင်ဂျုံအန်းသည် ရုရှားနိုင်ငံသို့ စီးနေကျ မီးရထားဖြင့်လာရောက်ခဲ့ပြီး ယင်းရထားဖြင့်ပင် မြောက်ကိုရီးယားနိုင်ငံသို့ သောကြာနေ့က ပြန်လည်ထွက်ခွာသွားသည်။ ရုရှားခရီးစဉ်အတွင်း ကင်ဂျုံအန်းက သမ္မတပူတင်ကို မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ရာ သမ္မတပူတင်က လက်ခံခဲ့သည်ဟု KCNA ကဆိုသည်။

ခြေခင်းလက်ခင်းသာသည့် အချိန်ကာလတွင် ရုရှားသမ္မတပူတင် မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်မည် ဖြစ်သည်ဟုဆိုသည်။ 

ပူတင်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ကိုရီးယားကျွန်းဆွယ်ဒေသသည် လက်ရှိအနေအထားတွင် လွန်စွာအရေးကြီးသည့်အပိုင်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကင်ဂျုံအန်းက အသိပေးပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် လတ်တလော ဆွေးနွေးပွဲများအတွင်း သဘောထား ရိုးရှင်းမှု မရှိခဲ့သောကြောင့် ကိုရီးယားကျွန်းဆွယ် အခြေအနေသည် ယခင်ကလို ဆိုးရွားသည့် အနေအထားထဲသို့ ပြန်လည်ရောက်ရှိသွားဖွယ်ရှိကြောင်း ကင်ဂျုံအန်းက ပူတင်ကို ထုတ်ဖော်ပြောကြားသည်။ 

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဖေဖော်ဝါရီလက ဗီယက်နမ်၌ ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ခဲ့သော်လည်း နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ သဘောတူညီမှုတစ်စုံတစ်ရာ မရရှိခဲ့ကြပေ။

မြောက်ကိုရီးယားက စီးပွားရေး ပိတ်ဆို့အရေးယူမှုများအားလုံး ဖယ်ရှားပေးပါမှ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ကတိကဝတ်များပေးနိုင်မည်ဖြစ်သည်ဟုဆိုခဲ့ရာ ယင်းအချက်ကို အမေရိကန်အစိုးရက သဘောမတူနိုင်ဘဲဖြစ်ခဲ့သည်။

F-01