News

POST TYPE

NEWS

မန္တလေးတွင် နေအိမ် ၃၂ လုံး မီးလောင်ဆုံးရှုံး၊ လူ ၂၅၀ နီးပါး မီးဘေးသင့်
27-Apr-2019


မန္တလေး၊ ဧပြီ ၂၇

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် တောင်ရပ်ကွက်၊ အကွက် အမှတ် (၈၅၃) တွင် ဧပြီလ ၂၇ ရက် နံနက် ၇ နာရီကျော်က လောင်ကျွမ်းသည့်မီးကြောင့် နေအိမ် ၃၂ လုံးနှင့် ကျပ်သိန်း ၂၃၀ ကျော်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၂၅၀ နီးပါး မီးဘေးသင့်ခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဒေါ်ခင်သန်းနုပိုင်ဆိုင်သည့် ပေ ၂၀၊ ပေ ၃၀ မြေစိုက်ထရံကာနှစ်ထပ် နေအိမ်အတွင်း ထမင်းပေါင်းအိုးနှင့် အိုးအနီး သွယ်တန်းထားသည့် ပလပ်ခုံအပူ လွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို Level-4 အဆင့် သတ်မှတ်၍ မီးသတ်ယာဉ် (၈၀)၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ ကျော်ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း ယင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု ၄၈ စု၊ လူဦးရေ ၂၄၂ ဦးတို့ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး မီးဘေးသင့်အိမ်ထောင်စုများကို ချမ်းမြသာစည် တောင် ရပ်ကွက်ရှိ စံပါဓမ္မာရုံတွင် မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားကြောင်း ယင်းရပ်ကွက်တာဝန်ရှိသူများထံမှ သိရသည်။

“လက်ရှိမှာ သူတို့အတွက်က စားသောက်ရေးကို အဓိက ဦးစားပေး စီစဉ်ပေးထားရပါတယ်။ ပြန်လည် ထူထောင်ရေးအတွက်လည်း လုပ်နေပါပြီ။ စည်ပင်သာယာက ဆုံးရှုံးတဲ့ အိမ်ထောင်စု အတိအကျ၊ တည်နေရာ အတိအကျတွေကို လုပ်ပေးပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်။ တစ်ခုရှိတာက ဒီနေရာက အရမ်းကို အိမ်ခြေတွေ စိပ်တဲ့အတွက် သူတို့ ပိုင်ဆိုင်တဲ့နေရာတွေကို ရှာဖွေဖို့တော့ အချိန်ယူရပါမယ်”ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) မဲဆန္ဒ နယ်မြေ (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

နေအိမ်များဆုံးရှုံးသွားခဲ့ရသူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလိုသူများအနေနှင့် အဆိုပါရပ်ကွက် မီးဘေးပြန်လည်ထူထောင်ရေးကော်မတီထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းကဆိုသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင် ဒေါ်ခင်သန်းနုကို အမှတ် (၁၁) နယ်မြေ ရဲစခန်းက (ပ)၂၆၀၊ ၃၃၇/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

မန္တလေးခရိုင်အတွင်းတွင် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ချမ်းမြသာစည်မြို့နယ် ချီပါရပ်ကွက်အတွင်း လောင်ကျွမ်းခဲ့သည့် အိမ် ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည့် မီးလောင်မှုနောက်ပိုင်းတွင် ယခု မီးလောင်မှုမှာ ဒုတိယ အများဆုံးဖြစ်သည်။

“ဒီရပ်ကွက်မှာဆို နေအိမ်တွေက ခေါင်ချင်းကို စပ်နေတဲ့အထိ အိမ်တွေက စိပ်လွန်းတယ်။ ဝင်လမ်းထွက်လမ်းတွေကလည်း အရမ်းကို ခက်ခဲပါတယ်။ ဒါတွေကြောင့်လည်း မီးက အရမ်းများသွားခဲ့တာ။ မန္တလေးမှာက ဒီလိုရပ်ကွက်လေးတွေ အများကြီး ရှိနေတယ်။ အဲဒီရပ်ကွက်တွေမှာ လမ်းထောင့်တိုင်းမှာ ရေရရှိဖို့နဲ့ မီးသတ် ကားဝင်ထွက်လမ်းတွေ လိုနေပါတယ်။ ရပ်ကွက်ကိုတော့ ရွှေ့လို့မရတော့ဘူးလေ”ဟု ခရိုင်မီးသတ်တပ်ဖွဲ့မှူးမှ ဦးထက်အောင်က ပြောကြားသည်။

M-04