News

POST TYPE

NEWS

သီပေါတွင် တိုက်ပွဲရှောင်စခန်းများပိတ်သိမ်း၊ စစ်ရှောင်များ နေရပ်ပြန်
25-Apr-2019

လားရှိုး၊ ဧပြီ ၂၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း တိုက်ပွဲများ ရပ်တန့်သွားမှုကြောင့် တိုက်ပွဲရှောင်သူများ အားလုံး ၎င်းတို့နေရပ် အသီးသီးကို ပြန်လည်ထွက်ခွာသွားပြီဖြစ်ကာ စခန်းများအားလုံး ရှင်းလင်းသိမ်းဆည်းပြီးကြောင်း သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

“မတ်လအတွင်းက သီပေါမြို့ပေါ်မှာ စခန်း ၈ ခုဖွင့်ပြီး တိုက်ပွဲရှောင်တွေကို လက်ခံထားခဲ့တယ်။ လူပေါင်း ၁၀၀၀ ကျော်ပါ။ နှစ်ဖက်တိုက်ခိုက်နေကြတာတွေ ရပ်တန့်သွားတာနဲ့ ဒေသခံတွေ ပြန်ကြတာပါပဲ။ တိုက်ပွဲရှောင်စခန်း ၈ ခုကို ပိတ်လိုက်ပြီးဖြစ်ပါတယ်”ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်များအတွင်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစတင်ကာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က တိုက်ခိုက်နေခြင်းကြောင့် ဒေသခံရွာသားများမှာ နေရပ်စွန့်ခွာ ထွက်ပြေးလာကြရခြင်းဖြစ်ကြောင်း၊ ယခုလအတွင်း ရှမ်းလက်နက်ကိုင်များမှာ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်များအတွင်း သွားလာလှုပ်ရှားခြင်း စစ်ရေးပြင်ဆင်ခြင်း မရှိတော့သည့်အတွက် ဒေသခံများမှာ ဒေသအသီးသီးသို့ ပြန်နိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်များရှိ တိုက်ပွဲရှောင်စခန်း အားလုံးကို ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ကျောက်မဲမြို့ပေါ်ရှိ စခန်း၃ခုနှင့် သီပေါမြို့ပေါ်ရှိ စခန်း ၈ ခု၊ သီပေါနမ့်လန်သွားလမ်းပေါ်ရှိ နားမခေါ်ကျေးရွာဘုန်တော်ကြီးကျောင်းနှင့် မန်စံကျေးရွာဘုန်းတော်ကြီးကျောင်းများ အားလုံးတွင် တိုက်ပွဲရှောင်သူများက လာရောက်မှီခို နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

နမ္မတူမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့သည့် တိုက်ပွဲရှောင်စခန်းများကို ရုပ်သိမ်းလိုက်ပြီးဖြစ်သော်လည်း ၂၀၁၆ ခုနှစ်အတွင်းက လာရောက်မှီခိုနေရသူ တိုက်ပွဲရှောင်သူ လူဦးရေ ၅၀၀ ခန့်မှာ ယနေ့ထက်တိုင် နေရပ်ဒေသ အသီးသီးသို့ ပြန်နိုင်ခြင်းမရှိသေးဘဲ ကျေးရွာသစ်များ ထူထောင်ကာ နေထိုင်ကြရန်စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။

R-07