News

POST TYPE

NEWS

ဆရာများ၏ ရင်ဖွင့်သံ (မတ်လအထိ ကျောင်းတက်ရမည်)
25-Apr-2019
ယခင်နှစ်များက ဖေဖော်ဝါရီလအတွင်း အခြေခံ ပညာအတန်းများ ကျောင်းပိတ်သော်လည်း လာမည့်ပညာသင်နှစ် ၂၀၁၉ -၂၀၂၀ မှစပြီး အခြေခံပညာအတန်း အများစု ပုံမှန်ကျောင်းဖွင့်ချိန် ဇွန်လဆန်းမှစတင်ကာ မတ်လကုန်အထိ အချိန်ပြည့် ကျောင်းတက်ရန်စီစဉ်နေခြင်းအပေါ် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။

“ဒီလိုပြောင်းလဲလိုက်တဲ့ အခြေအနေအပေါ် အားသာချက်၊ အားနည်းချက်များကို ချပြသင့်တယ်လို့ မြင်မိပါတယ်”
ထန်းလိန်းအွမ် (မူလတန်းကျောင်းအုပ်၊ အမက ဖွီစောင်း၊ မင်းတပ်မြို့နယ်၊ ချင်းပြည်နယ်) 

ကျွန်တော့်အမြင်ကတော့ မတ်လကုန်အထိ (ကျောင်းတက်ရမယ်ဆိုတာ) တောင်ပေါ်ဒေသတွေအတွက်ကတော့ သိပ်အဆင်မပြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကလေးမိဘတွေနဲ့လည်း သိပ်အဆင်မပြေနိုင်သလို အခြားအတန်းတွေက ကျောင်းပိတ်သွားတဲ့အခါ ကျန်ခဲ့မယ့်ကလေးတွေအတွက်ကလည်း ခွဲခြားသလိုလို ထင်နေမယ်။ နောက်ပြီးတော့ သူတို့အလှည့်ကျမှ မတ်လကုန်အထိ ကျောင်းတက်နေရတယ်။ မတရားဘူးပေါ့။ သူတို့စိတ်ထဲမှာ အမြင်တွေ မရှင်းမလင်း ဖြစ်နေမှာပဲ။ လက်ရှိမှာ မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုတာ ဝန်ကြီးပြောသလို သတင်းစာ၊ ရုပ်မြင်သံကြားတွေမှာလည်း ဖော်ပြပြောကြခဲ့ပြီးပါပြီ။

မတ်လကုန်အထိ ကျောင်းတက်ရတဲ့အတွက် စာသင်ချိန်တွေ တိုးလာပေမယ့် ကျွန်တော့်အမြင်တော့ ဒီနှစ်မှစပြီး ပြောင်းလဲသင်ကြားရမယ့် G6 (ဆဋ္ဌမတန်း) က သင်ချိန် ၈ ချိန်ရှိပါတယ်။ တစ်ချိန်စာ မိနစ် ၄၀ စာပါ။ အချိန်တိုးလိုက်လို့ ပညာအရည်အသွေး တိုးတက်တာနဲ့က မဆိုင်လောက်ဘူး မြင်ပါတယ်။ ဘာလို့လဲဆိုတော့ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမကသာ စေတနာ ပြည့်သင်ပေးမယ်ဆိုရင်တော့ ထိရောက်နိုင်ပါတယ်။ သင်ရိုးသစ်တွေအတွက်တော့ ခြွင်းချက်ပေါ့။ သူတို့ကျတော့ အချိန်ပေးရတယ်လေ။

ဒီလိုလုပ်လိုက်တဲ့အတွက် ကောင်းကျိုးကတော့ သင်ကြားသင်ယူမှုကို အချိန်ပေးရတဲ့အတွက် ကလေးများအပေါ် သင်ကြား၊ သင်ယူမှုအပေါ် ထိရောက်နိုင်ပါတယ်။ ဒါကလည်း သင်ကြားတဲ့ဆရာ၊ ဆရာမများအပေါ်မှာလည်း မူတည်ပါတယ်။ တစ်ဖက်မှာက ဆရာ၊ ဆရာမများရဲ့ လူနေမှုဘဝ အခြေအနေတွေက ရှိပါသေးတယ်။ ပြောင်းလဲလိုက်တဲ့ အကြောင်းအရာများအပေါ်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုးကတော့ ဒွန်တွဲနေမှာပဲ။ ဖြစ်နိုင်ရင်တော့ မလုပ်ခင်မှာ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ၊ မိဘပြည်သူတွေကို ဒီလိုပြောင်းလဲလိုက်တဲ့ အခြေအနေအပေါ် အားသာချက်၊ အားနည်းချက်များကို ချပြသင့်တယ်လို့ မြင်မိပါတယ်။

“ဒါပေမဲ့ လပိုင်း မာတိကာနဲ့အညီ ပိုဖြစ်တာပေါ့”
ကိုကျော်ရဲထွဋ် (အ.ထ.က(ခွဲ) ကမာမို၊ ချောင်းဆုံမြို့နယ်၊ မွန်ပြည်နယ်)

အခုနှစ်မှာ Grade 6 ကို စာသင်ချိန်တိုးမယ်လို့ ကြားထားပါတယ်။ ကျောင်းလွှတ်ချိန်လည်း အခြားအတန်းတွေနဲ့ မတူဘူးလို့သိခဲ့တယ်။ ဒီလိုဆို သင်ယူမှုမပေါက်မြောက်နိုင်ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ G6 ဆိုတာက ကလေးတွေလေ။ ကလေးတွေဆိုတော့ သူများတွေပြန်ချင်ရင် သူတို့လည်း ပြန်ချင်မှာပဲ။ အဲဒီအခါ စာသင်ခန်းထဲမှာ စိတ်ဝင်စားမှုမရှိတော့ သင်ယူရမှုရလဒ် မကောင်းနိုင်ပါဘူးလို့ ထင်ပါတယ်။ အခြေအနေ တိုးတက်လာမယ်လို့တော့ ထင်ပါတယ်။ ဘာလို့ဆို ယခုခေတ် KG ကလေးတွေရဲ့ သင်ရိုးစနစ်တွေကိုလည်း သဘောကျပါတယ်။ KG အတန်းတွေကိုတောင် အခု စာမသင်ရပေမယ့် ကျောင်းတက်ရက်က ဖေဖော်ဝါရီလကုန်ထိလေ။

ပြီးရင် အခု ကလေးတွေက စာတော့ကျက်စရာ မလိုဘူး။ ခုနောက်ပိုင်း သင်ရိုးညွှန်းတမ်းတွေမှာ ကလေးတွေအတွက် စဉ်းစားတွေးခေါ်မှုပိုင်းတွေကိုလည်း ထည့်လာခဲ့ကြတယ်။ ဒီလို လုပ်လိုက်တဲ့အတွက် ဆိုးကျိုးကတော့ စာမေးပွဲကို မတ်လရဲ့နောက်ဆုံးမှာ ထားမယ်ဆိုတော့ ရာသီဥတုနဲ့ စာမေးပွဲနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ နောက်ပြီး ရာသီဥတုက ခု ၃ နှစ် ၄ နှစ်အတွင်း သိသိသာသာ ပူလာတော့ ကလေးတွေအတွက် အခက်အခဲဖြစ်စေပါတယ်။ ကောင်းကျိုးကတော့ ကျောင်းတက်ရက် ပိုများလာတော့ နိုင်ငံတော်က ချမှတ်ထားတဲ့ သင်ရိုးညွန်းတမ်းများကို သေသေချာချာ သင်ကြားလာနိုင်တယ်။

အရင်ကဆို သင်ရိုးညွန်းတမ်းကို မနည်းပြီးအောင် လုသင်နေရတယ်။ ကလေးတွေရဲ့ ကာယအချိန်တွေကိုပါ ယူပြီးတော့လေ။ နောက်ပြီး စာသင်ကျောင်းတွေမှာက အမြဲတမ်း ဟောပြောပွဲတွေလုပ်တော့ စာသင်ချိန်ပျက်ခဲ့တယ်။ ဒါကြောင့် စာသင်ချိန်တွေ အပိုခေါ်ခဲ့ရပါတယ်။ ခုလို စာသင်ချိန်တိုးလိုက်တော့ ဆရာ၊ ဆရာမတွေအတွက် ပိုပင်ပန်းရတယ်။ ဒါပေမဲ့ လပိုင်း မာတိကာနဲ့အညီ ပိုဖြစ်တာပေါ့။ လပိုင်း မာတိကာနဲ့အညီဆိုတာက ခုဆိုရင် ဆရာ၊ ဆရာမတွေက လပိုင်း မာတိကာနဲ့ညီအောင် သင်ဖို့အတွက် သက်ဆိုင်ရာ စာသင်ချိန်တွေကို သုံးကြရပါတယ်။

ဒါပေမဲ့ စာသင်ကျောင်းတွေမှာက အခမ်းအနားတွေ အမြဲလုပ်ရတော့ စာသင်ချိန်တွေ ပေးလိုက်ရတယ်။ အဲဒီအခါ လပိုင်းမာတိကာမှာ ပိုင်းထားသလို သင်လို့မပြီးတော့ အချိန်ပိုတွေ ခေါ်ရတယ်လေ။ အဲဒါကြောင့်မို့ စာသင်ချိန် တိုးသွားတော့ လပိုင်းမာတိကာနဲ့ ကွက်တိပြီးတာပေါ့။ ကျွန်တော်က အခု ဆယ်တန်း၊ ကိုးတန်းသင်နေရတော့ ပိုဆိုးတယ်။ ကျောင်းမှာ အဖွဲ့အစည်းအမျိုးမျိုးက အခမ်းအနားတွေ လာလုပ်ကြတော့ စာသင်ချိန်တွေ အများကြီး ပေးနေရတယ်လေ။

“ကောင်းကျိုး၊ ဆိုးကျိုးက ဆောင်ရွက်ချက်အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်”
ဒေါ်ဌေးဌေးမြင့် (အလယ်တန်းပြ၊ အထက ၇၊ ကလေးမြို့)

အခြေခံပညာ အတန်းအသီးသီးက ကျောင်းသား၊ ကျောင်းသူတွေ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ မတ်လအထိ ကျောင်းတက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်အတန်းတွေ တက်ရမယ်ဆိုတာ မသိရသေးပါဘူး။ အခုမတ်လအထိ နှစ်တိုင်း ဆရာ၊ ဆရာမတွေရဲ့ တာဝန်ထမ်းဆောင်ချိန်ဟာ မတ်လကုန်အထိက ဟုတ်ပါတယ်။ မတ်လအထိ ကျောင်းတက်ရတဲ့အတွက် စာသင်ချိန် တိုးလာတယ်ဆိုတာနဲ့ပတ်သက်ပြီး ကလေးတွေရဲ့ ပညာအရည်အသွေး ပိုတိုးတက်လာမလား၊ ထိရောက်လာမလား ဆိုတာကတော့ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမရဲ့ စေတနာ၊ သင်ယူသူ တပည့်ရဲ့ သင်ယူလိုစိတ်နဲ့ မိဘတွေရဲ့ ကူညီပံ့ပိုးမှုအပေါ် မူတည်မယ်လို့ ထင်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ကောင်းကျိုး၊ ဆိုးကျိုးက ဆောင်ရွက်ချက်အပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။

ခိုင်ချယ်ရီထွန်း