News

POST TYPE

NEWS

အမေရိကန်ပါတီကြီး တစ်ခု၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန် သမိုင်းဝင်
28-Jul-2016

ဖီလ်ဒဲဖီးယား၊ ဇူလိုင် ၂၆

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ(DNC)တွင် ဟီလာရီကလင်တန်ကို ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် အဆိုပြုခဲ့ပြီးနောက် သမ္မတ ကတော်ဟောင်းသည် အမေရိကန်၏ နှစ် ၂၄၀ သမိုင်းတစ်လျှောက် ပါတီကြီး တစ်ခု၏  ပထမဆုံး အမျိုးသမီး သမ္မတလောင်းအဖြစ်  သမိုင်းမှတ်တမ်း ဝင်သွားခဲ့ပြီဟု Reuters သတင်းက ဖော်ပြသည်။

ကလင်တန်သည် ၂၀၀၈ ခုနှစ်က ပထမအကြိမ် ကြိုးပမ်းမှုတွင် အိုဘားမားကို ကပ်၍ အရေးနိမ့်ခဲ့ရသလို ယခု တစ်ကြိမ်တွင်လည်း ပြိုင်ဘက် ဘာနီဆန်းဒါးစ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ အနိုင်ရခဲ့ ခြင်းဖြစ်သည်။ 

ပါတီ ညီညွတ်မှုကို ပြသသည့် အနေနှင့် အရေးနိမ့်ခဲ့သူ ပြိုင်ဘက်ဟောင်း အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်က အသက် ၆၈ နှစ်အရွယ်ရှိ ကလင်တန်ကို ရွေးချယ်သင့်ပါကြောင်း ကိုယ်တိုင် အဆိုပြုခဲ့သည်။ 

ဖီလာဒယ်ဖီးယားတွင် ကျင်းပသော ပါတီညီလာခံတွင် ဇူလိုင်လ ၂၆ ရက်နေ့က တစ်ပြည်နယ်ချင်း သမ္မတလောင်း ရွေးချယ်ရေး ကိုယ်စားလှယ်များ တစ်ယောက်ချင်း ခေါ်ပြီး ရေတွက်နေချိန်တွင် ဆန်းဒါးစ်က ကလင်တန်ကို ရွေးချယ်သင့်ကြောင်း ညီလာခံ သဘာပတိကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အများပြည်သူ ရှေ့မှောက်တွင် သမ္မတ ကတော်အဖြစ် တစ်လီ၊ အထက်လွှတ်တော် အမတ်အဖြစ် တစ်ဖုံ၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တစ်ခါ ရာစုနှစ် လေးပုံ တစ်ပုံမျှ  ရပ်တည်ခဲ့သည့် ကလင်တန်သည် လာမည့် ဇူလိုင် ၂၈ တွင် အဆိုပြုမှုကို လက်ခံပြီးပါက နိုဝင်ဘာလ ၈ ရက်နေ့တွင် ရီပတ်ဘလစ် ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ 

"ဒီအချိန်အထိ နောက်ကျခံပြီး စောင့်ကြည့်နေတဲ့ မိန်းကလေးငယ်လေးတွေ ရှိနေရင် ကျွန်မ ပြောပါရစေ။ ကျွန်မက ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမဲ့ နောက်တစ်ယောက်ဟာ သမီးတို့ထဲကပဲ"ဟု ကလင်တန်က ဂြိုဟ်တု ဆက်သွယ်ရေး ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမည့်သူသည် ရွေးချယ်ရေး ကိုယ်စားလှယ်များ ရေတွက်သည့်နေ့တွင် ညီလာခံကို ကိုယ်တိုင် တက်ရောက်လေ့ မရှိပေ။ 

ဒေါ်နယ်ထရမ့်သည်လည်း အဆိုပြု ခံရချိန်တွင် ယင်းသို့ပင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်း ပြောခဲ့သည်။

အမေရိကန်၏ နှစ် ၂၄၀ သမိုင်းတွင် အမျိုးသမီးများ မဲပေးခွင့်မှာ အခြေခံဥပဒေ  ဖြည့်စွက်ချက် အမှတ် ၁၉  အတည်ပြုပြီး ၁၉၂၀ ပြည့်နှစ်တွင်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ကလင်တန် ခင်ပွန်းသည် သမ္မတဟောင်း ဘီလ်ကလင်တန်က ဇနီးသည်မှာ အပြောင်းအလဲကို ဆောင်ကြဉ်းရွေ့လျားနိုင်သော အင်အား တစ်ရပ်ဖြစ်သည်ဟု ချီးကျူးခဲ့သည်။

"ဟီလာရီဟာ ကျွန်တော်တို့ရင်ဆိုင် ရတဲ့ အခွင့်အလမ်းတွေကိုအရအမိယူပြီး  အန္တရာယ်တွေကို အတတ်နိုင်ဆုံးလျှော့ချ နိုင်တဲ့ ပြိုင်ဘက်ကင်း အရည်အသွေးနဲ့  ပြည့်စုံသူပါ။ သူဟာ ကျွန်တော် သိသမျှထဲမှာ အပြောင်းအလဲကို ဖန်တီးနိုင်တဲ့ အတော်ဆုံး ပုဂ္ဂိုလ်ပါ"ဟု ပြောကြားခဲ့သည်။

ဟီလာရီ ကလင်တန်က သူသာ သမ္မတ ဖြစ်လာပါက ဝင်ငွေ မညီမျှမှုကို ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေးကို တင်းကျပ်သွားမည်ဖြစ်ကာ ဝေါစထရိကို ဇက်ကြိုး တပ်သွားမည်ဟု ကတိပြုခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်၊ ဖြစ်ရပ်မှန် ရုပ်သံ စီစဉ်တင်ဆက်သူဟောင်း ထရမ့်သည် အိမ်ဖြူတော်အတွက် မသင့်လျော်ကြောင်းကို အဓိကထား ပြောသွားခဲ့သည်။

အသက် ၇၀ အရွယ်ရှိ ထရမ့်သည် ပြည်သူ့ အုပ်ချုပ်ရေးရာထူး တစ်ကြိမ်မျှ ရယူခဲ့ဖူးခြင်း မရှိသော်လည်း ပြီးခဲ့သည့်အပတ် ရီပတ်ဘလစ်ကန် ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီး ကောက်ယူသော စစ်တမ်းများအရ ဟီလာရီထက် လူထု ထောက်ခံမှု အသာရနေသည်။ 

Reuters/Ipsos စစ်တမ်းအရ ကလင်တန်ထက် ၂ ရာခိုင်နှုန်း အသာရနေပြီး မေလ အစောပိုင်းမှ စပြီး ပထမဆုံးအကြိမ် ဦးဆောင်လာနိုင်ခြင်း ဖြစ်သည်။

  • VIA