News

POST TYPE

NEWS

ဖိလစ်ပိုင်တွင် အင်အားပြင်းမြေငလျင်ကြီးလှုပ်ခတ်၊ အနည်းဆုံး လူ ၁၁ ဦးသေဆုံး
24-Apr-2019



မနီလာ၊ ဧပြီ ၂၃

ဖိလစ်ပိုင်နိုင်ငံ၏ ပင်မကျွန်းတစ်ခုဖြစ်သော လူဇွန်ကျွန်းတွင် အင်အားပြင်းထန်သည့် မြေငလျင်ကြီးတစ်ခုလှုပ်ခတ်သွားရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်သည်။ 

မြေငလျင်ပြင်းအားမှာ ၆ ဒသမ ၁ ရှိပြီး ဒေသစံတော်ချိန် ၁၇ နာရီ ၁၁ မိနစ်တွင် လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု ဖိလစ်ပိုင် မီးတောင်၊ မြေငလျင်နှင့်ဘူမိဗေဒ အင်စတီကျုက ဆိုသည်။ 

ငလျင်ကြောင့် လေဆိပ်တစ်ခုမှာ ဆိုးရွားစွာထိခိုက်ပျက်စီးသွားခဲ့ပြီး အဆောက်အအုံကြီးနှစ်ခုလည်း ပြိုကျပျက်စီးသွားခဲ့သည်။ 

ယင်းငလျင်လှုပ်ခတ်ပြီး ၂၄ နာရီ မပြည့်ခင်အချိန်မှာပင် တောင်ပိုင်း ဗီဆာရာဒေသတွင် ပြင်းအား ၆ ဒသမ ၄ ရှိသော မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားသည်။ 

မြို့တော်မနီလာအခြေစိုက် BBC သတင်းထောက်၏ ပြောကြားချက်အရ ငလျင်ဒဏ်အဆိုးရွားဆုံးခံလိုက်ရသည့် ဒေသများတွင် တာကိုဘန်စီးတီး၊ လာတေး စီးတီးနှင့် ကတ်ဘာလိုဂန်စီးတီးတို့ပါဝင်သည်။ 

လှုမှုကွန်ရက်ပေါ်တွင် အဆောက်အအုံများပြိုကျပျက်စီးနေပုံများ၊ လမ်းမကြီးများ အက်ကြောင်းထနေပုံများကို တွေ့ မြင်ရသည်။ 

တာကိုဘန်စီးတီးနှင့် အနီးတစ်ဝိုက်ရှိ ဒေသများမှာ ၂၀၁၃ ခုနှစ်က ဟိုင်ယန်တိုင်ဖွန်းမုန်တိုင်းကြောင့် ဆိုးရွားစွာထိခိုက် ပျက်စီးခဲ့ဖူးသည့် နေရာများဖြစ်သည်။ 

ယခုမြေငလျင် လှုပ်ခတ်သွားပြီး နောက် ပြိုကျပျက်စီးနေသော အဆောက် အအုံများအောက်ဘက်တွင် လူဒါဇင်နှင့်ချီ၍ ပိတ်မိနေနိုင်သည်ဟု ယုံကြည်ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

“ပိတ်မိတဲ့သူတွေ အော်ဟစ်ငိုကြွေးပြီး အကူအညီတောင်းနေတဲ့ အသံတွေ ကြားရတယ်။ သူတို့ကို ကယ်တင်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူးဖြစ်နေတယ်”ဟု BBC သတင်းထောက်က ပြောကြားသည်။ 

အချို့နေရာတွင်မူ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို အပြိုအပျက်များအောက်မှ ဆွဲထုတ်နေသည်ကို တွေ့ မြင်ရသည်ဟု ၎င်းက ပြောကြားသည်။ 

လူဘာအိုမြို့တွင် အမျိုးသမီးကြီး တစ်ဦးနှင့် မြေးဖြစ်သူတို့အတူ သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။ 

လက်ရှိအနေအထားတွင် ငလျင်ကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် လူ ၂၀ ခန့်ကို ဆေးရုံသို့ တင်ပို့ကုသပေးထားသည်။ 

အဆိုပါငလျင်သည် အင်အားပြင်းထန်သောကြောင့် မနီလာမြို့တွင် နေထိုင်သူများလည်း လှုပ်ခတ်မှုကို ကောင်းစွာခံစား သိရှိခဲ့ရသည်။ 

မနီလာမြို့မြောက်ဘက်၊ မော်တော် ကားဖြင့်သွားလျှင် တစ်နာရီခန့်ကြာမြင့်သည့် နေရာတွင်ရှိသော ကလာ့ခ် နိုင်ငံတကာ လေဆိပ်သည်လည်း ငလျင်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

F-01