News

POST TYPE

NEWS

ပဲနွယ်ကုန်းတွင် စစ်ကျန် ဗုံးသီးဟောင်းများ တူးဖော်တွေ့ရှိ
23-Apr-2019



တောင်ငူ၊ ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ဂုဏ်တော်ရပ်ကွက် နေအိမ်ခြံဝင်းတစ်ခုအတွင်းမှ ဧပြီ ၂၂ ရက် ညနေပိုင်းက ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးသီးဟောင်းအလုံးရေ ၉၀ ကျော်ခန့် တူးဖော်တွေ့ရှိခဲ့ကြောင်း ပဲနွယ်ကုန်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။

“သူတို့က အဆောက်အအုံဆောက်ဖို့ အလုပ်သမားတွေနဲ့ မြေတူးဖော်နေတုန်းတွေ့တာပါ။ လက်တစ်လောမှာ ဘယ်နေရာမှာသုံးတဲ့ဟာလည်းဆိုတာကိုတော့ မသိရသေစဘူး”ဟု ဂုဏ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမိုးမြင့်နိုင်က ပြောကြားသည်။

ယင်းရပ်ကွက်နေ ဦးဝင်းညွန့် (၅၄ နှစ်)ဆိုသူ၏ ခြံဝင်းထဲ၌ ကျင်းတူးစဉ် အနက် ၄ ပေခန့်အရောက် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့နှင့် တပ်မတော်ကို ဆက်သွယ်အကြောင်းကြားပြီး တူးဖော်ရေတွက်ရာ စုစုပေါင်း ဗုံးသီးဟောင်း ၉၀ ရှာဖွေတွေ့ရှိခဲ့ရပြီးအမှတ် ၃၀၇ ခြေမြန်တပ်ရင်းမှ တာဝန်ရှိသူများထံ အပ်နှံထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

တွေ့ရှိသည့် ဗုံးသီးဟောင်းများမှာ အရှည် ၁၅ လက်မ၊ လုံးပတ် ၁၂ လက်မ၊ အချင်း ၃ ဒသမ ၅လက်မခန့်ရှိပြီး အမျိုးအစားနှင့် သုံးသည့်ပုံသဏ္ဍန်ကို မသိရှိကြောင်းနှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်တစ်ခုသို့ ဆက်လက်လွဲပြောင်းပေးမည်ဖြစ်ကြောင်း ဂုဏ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

R-15

ဓာတ်ပုံ-KKA