News

POST TYPE

NEWS

မကွေးမြို့သီတဂူမြင့်မိုရ်စံစက္ခုဒါန ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင် ၂,၀၀၀ ကျော်ကို အခမဲ့ကုသပေး
23-Apr-2019

eye

မကွေး၊ ဧပြီ ၂၃

မကွေးမြို့၊ မဟာဝိသုတရာမစာသင်တိုက်အတွင်းရှိ သီတဂူမြင့်မိုရ်စံစက္ခုဒါန ဆေးရုံကြီးတွင် ဧပြီ ၂၃ ရက်မှစ၍ ဧပြီလ ၂၇ ရက်ထိ မျက်စိဝေဒနာရှင်ပေါင်း ၂,၀၀၀ ကျော်ကို တတိယအကြိမ်မြောက် အခမဲ့စမ်းသပ်၊ ကုသပေးလျှက်ရှိကြောင်း ယင်းဆေးရုံကြီးမှ တာဝန်ရှိသူများက ပြောသည်။

ထိုသိုကုသပေးရာတွင် တစ်နေ့လျှင် လူနာပေါင်း ၄၀၀ ခန့်ကို စမ်းသပ်စစ်ဆေးကာ ခွဲစိတ်ရန်လိုအပ်သူများကို ခွဲစိတ်ပေးမည်ဖြစ်ပြီး၊ လူနာနှင့် လူနာစောင့်များအတွက်လည်း အစားအသောက်နှင့် တည်ခိုရန်နေရာများကို အခမဲ့စီစဉ်ပေးထားသည်။

eye

“လာရောက်ကုသကြဖို့ ရုပ်မြင်သံကြားမှာ နှစ်ပတ်ကြိုကြေညာခဲ့သလို့ မြို့ပေါ်ကိုလည်း ကြေညာခဲ့ပါတယ်။ ကျွန်တော်တို့က အနယ်နယ်အရပ်ရပ်က လာရောက်ကုသတဲ့ဝေဒနာရှင်အားလုံးကို လက်ခံမှာပါ။ ဒီမှာခွဲစိတ်လို့ အဆင်မပြေတဲ့လူနာတွေကို တိုင်းဆေးရုံကြီးမှာ ပြန်ခွဲစိတ်ပေးသွားမှာပါ”ဟု ယင်းဆေးရုံကြီး၏ အခမဲ့မျက်စိခွဲစိတ်ကုသမှု ဦးစီးကော်မတီအတွင်းရေးမှူး ဦးမြဝင်းက ပြောသည်။

မျက်စိဝေဒနာရှင်လူနာများကို သီတဂူစက္ခုဒါန ဆေးရုံကြီးမှ ခွဲစိတ်ပညာရှင်များနှင့် မကွေးတိုင်း ကျန်းမာရေးဌာနမှ ဆရာဝန်ကြီးများ၊ သူနာပြုများက ပူးပေါင်းကုသပေးခြင်းဖြစ်ပြီး၊ မကွေးမြို့ပေါ်ရှိ အလှူရှင်များ၏ ငွေကြေးလှူဒါန်းမှုဖြင့် မြို့ပေါ်ရှိပရဟိတ (၁၈) ဖွဲ့မှ လူအင်အား ၄၀၀ ခန့် ပူးပေါင်းပါဝင် လုပ်ဆောင်ခြင်းဖြစ်သည်။

မြို့သစ်မြို့နယ်မှ ဦးစန်းဌေးက“စပါးခြွေလှေ့ရင်း စပါးစေ့မှန်တာ၊ ကုသဖို့ စီးပွားရေးအဆင်မပြေဘူး။ အရင်ကုဖူးတယ်၊ (၉) သောင်းလောက်ကုန်ပြီး မပျောက်ဘူး။ အပြင်မှာကုရင် စားစရိတ်နဲ့ နေထိုင်ရေးအတွက် ကုန်မယ်။ ဒီကအခမဲ့ကုပေးလို့ ဝမ်းသာရပါတယ်”ဟု ဆိုသည်။

အဆိုပါ သီတဂူမြင့်မိုရ်စံစက္ခုဒါန ဆေးရုံကြီးတွင် ထပ်မံ၍ (၆) လ တစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် ကုသပေးသွားမည်ဖြစ်ကြောင်း သီတဂူမြင့်မိုရ်စံစက္ခုဒါန ဆေးရုံကြီး၏ အခမဲ့မျက်စိခွဲစိတ်ကုသမှု ဦးစီးကော်မတီထံမှ သိရှိရသည်။

R-23