News

POST TYPE

NEWS

လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ နောက်တစ်ရက်မကူးခင် ဆိုင်ကယ်ခိုးမှုဖြင့် ဖမ်းဆီးခံရ
18-Apr-2019
တောင်ငူ၊ ဧပြီ ၁၈

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ မွန်ပြည်နယ် ပေါင်မြို့ ရင်ငြိမ်းရဲဘက်အကျဉ်းစခန်းမှ ပြန်လွတ်မြောက်လာသူ တစ်ဦးမှာ နောက်တစ်ရက်မကူးခင် ဆိုင်ကယ်ခိုးမှု ထပ်မံကျူးလွန်သဖြင့် ဖမ်းဆီးထားကြောင်း ပဲခူးမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းမှ သိရှိရသည်။

ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်နယ်မြေ (၈) ကျောင်းလမ်းပေါ်တွင် ၁၂၅ စီစီ မော်တော်ဆိုင်ကယ်တစ်စင်းကို တွန်းလာသူ အောင်ကျော်နိုင် (ခ) ကျော်လေး (၅၁ နှစ်)ကို မသင်္ကာဖွယ် မြင်တွေ့ရသဖြင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေရာမှာ မွန်ပြည်နယ် ပေါင်မြို့ ရင်ငြိမ်းရဲဘက်စခန်းမှ လွတ်မြောက်လာပြီး ပဲခူးမြို့နေ မိတ်ဆွေတစ်ဦးထံ အလည်ပတ်ရောက်ရှိစဉ် အလွယ်တကူ တွေ့ရသည့်ဆိုင်ကယ်တစ်စင်းကို ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ပဲခူးမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

“သူက ပဲခူးမြို့နယ် ကျွန်းသာယာရပ်ကွက် နယ်မြေ (၈) ကျောင်းလမ်းပေါ်မှာ ဆိုင်ကယ်တစ်စင်းနဲ့ မသင်္ကာဖွယ်တွေ့ရလို့ဖမ်းဆီးစစ်ဆေးရာက ဆိုင်ကယ်ခိုးမှု ပေါ်ပေါက်ခဲ့တာပါ”ဟု ပဲခူး အမှတ် (၂) နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး အောင်ကျော်နိုင် (ခ) ကျော်လေးကို ရာဇဝတ်ကျင့်ထုံး ၅၄ ဖြင့် ကနဦး စစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-15