News

POST TYPE

NEWS

မီးလောင်သွားခဲ့သော နော်တာဒိမ်းဘုရားရှိခိုးကျောင်းကို ပြန်လည် တည်ဆောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲတစ်ရပ် ပြင်သစ် ကျင်းပမည်
18-Apr-2019


ပဲရစ်၊ ဧပြီ ၁၈

ပြင်သစ် အစိုးရအာဏာပိုင်များသည် မီးလောင်ကျွမ်းပျက်စီးသွားခဲ့သော နော်တာဒိမ်း ဘုရားရှိခိုးကျောင်းကို အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲတစ်ရပ် ကျင်းပရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မီးလောင်ကျွမ်းသွားခဲ့သော နော်တာဒိမ်း ဘုရားရှိခိုးကျောင်းကြီးကို ၁၉ ရာစု၌ ပြင်သစ် ဗိသုကာပညာရှင် ဗွိုင်လက်လီဒက်က ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလယ်ခေတ်ဂျာမန်ဗိသုကာလက်ရာဖြစ်သော ဂေါသစ်အနုပညာများဖြင့် ထုံမွမ်းထားသော ဘုရားကျောင်းကြီးဖြစ်သည်။

ပြင်သစ်ဝန်ကြီးချုပ် အီဒူအားဒ် ဖီးလစ်သည် နော်တာဒိမ်း ဘုရားကျောင်းကြီး ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာမှ ဗိသုကာပညာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ဒီဇိုင်းပြိုင်ပွဲတစ်ရပ် ကျင်းပပေးမည့်အကြောင်းကို အတည်ပြုထားပြီဖြစ်ပြီး ဘုရားရှိခိုးကျောင်းကြီးကို သမိုင်းဝင် လက်ရာဟန်ဖြင့် ရှေးမူမပျက် ပြန်လည် တည်ဆောက်မည် သို့မဟုတ် ခေတ်သစ်နည်းပညာများ၊ ခေတ်သစ် အနုပညာများဖြင့် ဒီဇိုင်းသစ် ပုံဖော်မည်ဆိုခြင်းကိုမူ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်းလည်း ၀န်ကြီးချုပ် ဖီးလစ်က ရှင်းပြထားသည်။

ပြင်သစ်သမ္မတ မက်ခရွန်သည် နော်တာဒိမ်း ဘုရားရှိခိုးကျောင်းကြီးကို ငါးနှစ်အတွင်း အပြီးသတ် ပြန်လည် တည်ဆောက်နိုင်ရန် ဆန္ဒရှိနေသော်လည်း ပြင်သစ်နိုင်ငံသား ဂေါသစ် အနုပညာလက်ရာရှင်များကမူ လုပ်ငန်စဉ်အားလုံး စနစ်တကျ အပြီးသတ်နိုင်စေရန်အတွက် ဆယ်နှစ်ခန့် အချိန်လိုလိမ့်မည်ဟု ခန့်မှန်းထားသည်။

နော်တာဒိမ်း ဘုရားရှိခိုးကျောင်းကြီးကို ပထမတစ်ကြိမ် တည်ဆောက်ခဲ့စဉ်က ရာစုနှစ် နှစ်ခုကျော်ကြာ အချိန်ယူခဲ့ရပြီး မီလောင်ကျွမ်းမှုဖြစ်စဉ်တွင် ပင်မအဆောက်အအုံ(Main Structure)နှင့် ခေါင်းလောင်းမျှော်စင် နှစ်ခုတို့သာ ကြွင်းကျန်ရစ်ခဲ့သည်။