News

POST TYPE

NEWS

အန္တရာယ်ရှိသော မြန်မာ့ဆန်တန်ချိန် ၁၈,၀၀၀ ကို အိုင်ဗရီကို့စ်အာဏာပိုင်များ ဖျက်ဆီး
18-Apr-2019


အဘစ်ဒ်ဂျန်၊ ဧပြီ ၁၈

အိုင်ဗရီကို့စ် အစိုးရအာဏာပိုင်များသည် ၎င်းတို့နိုင်ငံသို့ တင်သွင်းရောက်ရှိလာသည့် မြန်မာ့ဆန်တန်ချိန် ၁၈,၀၀၀ ကို အန္တရာယ်ရှိသော စားသောက်ကုန်စာရင်းတွင် ထည့်သွင်း၍ ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း Africanews က ဖော်ပြထားသည်။

အဆိုပါ မြန်မာ့ဆန်တန်ချိန် ၁၈,၀၀၀ သည် အာဖရိက အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများဖြစ်သော ဂါနာ၊ ဂီနီနှင့် တိုဂိုနိုင်ငံများသို့ ဦးစွာပထမ ရောက်ရှိခဲ့ပြီး ယင်းနိုင်ငံများကလည်း အရည်အသွေး အကြောင်းပြချက်ဖြင့် လက်မခံဘဲ ငြင်းဆန်လိုက်ပြီးနောက် အိုင်ဗရီကို့စ်နိုင်ငံသို့ တင်ပို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အိုင်ဗရီကို့စ် ကျန်းမာရေးဌာန အရာရှိများသည် မြန်မာ့ဆန်များကို အရည်အသွေး စစ်ဆေးမှုများ အဆင့်ဆင့် ဆောင်ရွက်အပြီးတွင် စားသုံးရန်မသင့်ဟု မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းဆန်များကို အိုင်ဗရီကို့စ် အစိုးရအာဏာပိုင်များက ဖျက်ဆီးပစ်လိုက်ပြီလည်းဖြစ်သည်။

ဆန်သည် အာဖရိကနိုင်ငံများ၏ အဓိက စားသောက်ကုန်တစ်ခုဖြစ်ပြီး ဒေသခံလယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်များက နိုင်ငံများ၏ လိုအပ်ချက် ပမာဏနှုန်းထားကို ဖြည့်တင်းပေးနိုင်ခြင်း မရှိသည့်အတွက် ပြည်ပနိုင်ငံများမှနေ၍ တင်ပို့သောဆန်များကို အာဖရိကနိုင်ငံများက အားကိုးအားထားပြုနေရဆဲဖြစ်သည်။

အာဖရိကနိုင်ငံများတွင် ထိပ်တန်းအရာရှိများ၏ အကျင့်ပျက်ခြစားမှုများကြောင့် ဆန်တင်သွင်းသည့် ကိစ္စများ၌လည်း ပြဿနာများရှိနေပြီး အချို့သော နိုင်ငံများရှိ အရာရှိများမှာ လာဘ်ငွေများရယူ၍ ဆန်နှင့်အတူ မူးယစ်ဆေးများကိုပါ နိုင်ငံတွင်းသို့ သယ်ဆောင်တင်ပို့နိုင်ရန် မသမာသူများကို လမ်းဖွင့်ပေးထားလျက်ရှိသည်။

E-11