News

POST TYPE

NEWS

ဆူဒန်သမ္မတဟောင်း အယ်လ်ဘာရှားကို လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင်သို့ ပို့ဆောင်
17-Apr-2019

ခါတွမ်း၊ ဧပြီ ၁၇

ဆူဒန်အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်များသည် ဖမ်းဆီးထိန်းသိမ်းထားသော သမ္မတဟောင်း အယ်လ်ဘာရှားကို နိုင်ငံ၏လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင်ဖြစ်သည့် ကိုဘားထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

စစ်တပ် ထိပ်တန်းအာဏာပိုင်များသည် သမ္မတ အယ်လ်ဘားရှားကို ရာထူးဖြုတ်ချလိုက်အပြီးတွင် သမ္မတအိမ်တော်၌ပင် တင်းကျပ်လှသည့် လုံခြုံရေးအစောင့်အကျပ်များဖြင့် နေအိမ် အကျယ်ချုပ် ထားရှိလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင်မူ ၎င်းကို စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ရန်အတွက် ကိုဘားအကျဉ်းထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

ဆူဒန်သမ္မတဟောင်း အယ်လ်ဘာရှားသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသော တရားခံတစ်ဦးဖြစ်ပြီး ယင်းအတွက် ICC အဖွဲ့ဝင် နိုင်ငံများက ၎င်းတို့နိုင်ငံများသို့ သမ္မတ အယ်လ်ဘားရှား ဝင်ရောက်လာခဲ့ပါက ဖမ်းဆီးထိန်းသိမ်းနိုင်ရန် အသင့်ပြင်ထားလိုက်ပြီလည်းဖြစ်သည်။

ဆူဒန်နိုင်ငံတွင် လပေါင်းများစွာ ကြာမြင့်သည့်တိုင် လူထူအုံကြွမှု ဖြစ်ပေါ်လာသည့် အခြေအနေကို သမ္မတဘက်က ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သည့်အတွက် စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်များက အာဏာသိမ်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့် ၂ နှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပ၍ အရပ်သားအစိုးရထံသို့ အာဏာပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်သူလုထုကို စစ်ကောင်စီခေါင်းဆောင်များက ကတိပေးထားပြီဖြစ်သည်။

ယူဂန္ဓာနိုင်ငံခြားရေးဝန်ကြီး အိုကယ်လ်လိုသည် ၎င်းတို့အနေနှင့် ICC အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ဆူဒန်သမ္မတဟောင်း အယ်လ်ဘားရှားကို အကူအညီပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော် အသိပေးထားပြီး အကယ်၍ သမ္မတ အယ်လ်ဘားရှားဘက်က ဆက်သွယ်ကမ်းလှမ်းလာခဲ့ပါက နိုင်ငံရေးခိုလှုံခွင့် ရနိုင်စေရန် စီမံပေးသွားမည်ဖြစ်ကြောင်း အိုကယ်လ်လိုက ပြောကြားသွားခဲ့သည်။