News

POST TYPE

NEWS

ကျူံးအရှေ့ဘက်ပလက်ဖောင်းတွင် သင်္ကြန်ပြီးလျှင် အပန်းဖြေနိုင်မည်
24-Mar-2019



မန္တလေး၊ မတ် ၂၄

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျုံးအရှေ့ဘက်ရှိ ပလက်ဖောင်းများတွင် အများပြည်သူနားနေနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေရာ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်များပြီးဆုံးပြီးလျှင် နားနေနိုင်မည်ဖြစ်ကြောင်း ယင်းမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ကျုံးအရှေ့ဘက်ပလက်ဖောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဧဒင်မိသားစုကုမ္ပဏီက တာဝန်ယူတည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သင်္ကြန်မတိုင်မီတည်ဆောက်ရေး လုပ်ငန်းများပြီးစီးစေရန် လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

သို့သော်ပြုပြင်နေဆဲကာလဖြစ်သောကြောင့် သင်္ကြန်ကာလအတွင်း နားနေခွင့်မပြုသေးဘဲ တည်ဆောက်ရေးလုပ်ငန်းခွင်နေရာတွင် အကာအရံများ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

" သင်္ကြန်ကာလမှာ အကာအရံတွေ မဖြုတ်ဖို့ ပိုများပါတယ်။ အကာအရံတွေ ဖြုတ်လိုက်လို့ ပလက်ဖောင်းပေါ်တက် ရေကစားခဲ့လို့ တားမြစ်တဲ့အခါ ရေကစားသူတွေ စိတ်အနှောင့် အယှက်ဖြစ်မှာ စိုးတယ်။ ကျုံးအရှေ့ဘက်ခြမ်းပလက်ဖောင်းကို နိုင်ငံတကာအဆင့်မီတည်ဆောက် အလှဆင်ထားတာကြောင့် သင်္ကြန်ကာလအတွင်း လူတချို့ရဲ့ လုပ်ဆောင်မှုကြောင့် ပျက်စီးမှုမရှိစေဖို့ အကာအရံတွေ ဆက်ထားသင့်တယ် " ဟု မန္တလေးမြို့ဒေသခံ ဦးမင်းက ပြောကြားသည်။

ယခုနှစ်၌ လမ်းလျှောက်သင်္ကြန်ကို ကျုံးအရှေ့ဘက်တွင် ဆက်လက်တိုးချဲ့ကျင်းပမည်ဖြစ်ပြီး အရှေ့ဘက်ခြမ်း၌ ကျင်းပမည့်လမ်းလျှောက်သင်္ကြန်ကို ကားလမ်းမပေါ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

M-08