News

POST TYPE

NEWS

ဂျာမဏီကုန်သည်အသင်းက မန္တလေးကုန်သည်ကြီးများအသင်းကို ၃ နှစ်ထပ်မံကူညီမည်
24-Mar-2019

မန္တလေး၊ မတ် ၂၃

ဂျာမဏီနိုင်ငံ German Reutlingen CCI (ရယ်လင်ဂန်မြို့ ကုန်သည်အသင်း) က မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ကို စီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ၃ နှစ် ထပ်မံကူညီဆောင်ရွက်မည်ဖြစ်ကြောင်း MRCCI ထံမှ သိရသည်။

ယင်းသို့ထပ်မံအကူအညီများပေးနိုင်ရန် MRCCI နှင့် ဂျာမန်ကုန်သည်အသင်းတို့သည် မတ်လ ၂၃ ရက်နေ့က မန္တလေးမြို့ ရတနာပုံဈေးရှိ MRCCI အသင်းရုံးခန်းတွင် သဘောတူသက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဂျာမန်ကုန်သည်အသင်းသည် MRCCI အသင်း ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့်အကူအညီများကို ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ ပံ့ပိုးပေးခဲ့ပြီး ယင်းကာလအတွင်း MRCCI အသင်း၏ အောင်မြင်သော လုပ်ဆောင်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် ၃ နှစ် ထပ်မံကူညီရန် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း MRCCI ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောကြားသည်။

German Reutlingen CCI သည် MRCCI နှင့် ချိတ်ဆက်၍ အသင်းနှင့် အသင်းသားများ၏ စီးပွားရေးလုပ်ငန်းများဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတကာရှိ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များကို အခမဲ့ကူညီပံ့ပိုးပေးကြောင်း၊ ယင်းအသင်းသည် MRCCI ကို ယမန်နှစ်က ယူရိုငွေ ၁ သိန်းကျော် ပံ့ပိုးကူညီပေးခဲ့ကြောင်း MRCCI အသင်းထံမှ သိရသည်။

M-08