News

POST TYPE

NEWS

ကြက်သွန်နီကို အခြေခံဈေးနှုန်းသတ်မှတ်ဝယ်ယူပေးရန် အစိုးရထံတင်ပြ
24-Mar-2019

ရန်ကုန်၊ မတ် ၂၄

ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ စိုက်ပျိုးစရိတ်အောက်ရောက်ရှိလာသဖြင့် ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပံ့ပိုးကူညီပေးရန် ကြက်သွန်နီ၊ ကြက်သွန်ဖြူစားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (မန္တလေး) က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ မတ်လ ၂၂ ရက်နေ့က တင်ပြထားကြောင်း ယင်းအသင်းထံမှ သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့မှ ကြက်သွန်နီများ စတင်ထွက်ရှိလာပြီး ဧပြီလမှစကာ လာမည့်လများတွင် ကြက်သွန်နီစိုက်ပျိုးသည့်ဒေသများမှလည်း စုံလင်စွာထွက်ရှိကာ ဈေးကွက်အတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ယခုစတင်ထွက်ရှိသည့်ကာလတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၃၅၀ ဝန်းကျင်သာ ပေါက်ဈေးရှိပြီး စိုက်ပျိုးစရိတ်အောက်သို့ရောက်ရှိနေကာ နယ်စုံမှထွက်ရှိလာချိန်တွင် ဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်သည့် အလားအလာရှိကာ ကြက်သွန်နီစိုက်တောင်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူစားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (မန္တလေး) ထံမှ သိရသည်။

သို့ဖြစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြေခံဈေးနှုန်းတစ်ခုသတ်မှတ်၍ ဝယ်ယူထိန်းညှိခြင်း (သို့မဟုတ်) အခြားအစီအမံတစ်ခုခုဖြင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ပံ့ပိုးကူညီပေးရန် တင်ပြထားကြောင်း ယင်းအသင်းထံမှ သိရသည်။

ယခုနှစ် ပြည်တွင်းတွင် ကြက်သွန်အထွက်နှုန်းများခြင်း၊ ပြည်ပတင်ပို့မှုလျော့ကျခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ပြီး ယခင်နှစ်ကာလတူက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅၅၀ ဝန်းကျင်အထိ ဈေးရရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

J-11