News

POST TYPE

NEWS

တောင်သာ ခြေဥပြင်ဆင်ရေးထောက်ခံပွဲ လူ ၃၀၀၀ ခန့်တက်
20-Mar-2019



မိတ္ထီလာ၊ မတ် ၂၀

မန္တလေးတိုင်း တောင်သာမြို့ မြို့တော်ခမ်းမရှေ့တွင် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲသို့ လူဦးရေ ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။

အဆိုပါ ခြေဥပြင်ဆင်ရေးထောက်ခံပွဲသို့ နွားထိုးကြီး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ငါ့သရောက်နှင့် မြင်းခြံမြို့များမှ ဒေသခံများ ပူးပေါင်းပါဝင်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောမှုများလည်း ပြုလုပ်ခဲ့ကြသည်။

“မနက် ၉ နာရီခွဲမှာစတယ် ၁၁ နာရီခွဲမှာပြီးတယ်။ လူဦးရေ ၃၀၀၀ လောက်တက်ပါတယ်။ တက်ကြွလှုပ်ရှားတဲ့ ဒေသခံလူငယ်သုံးဦးက ပွဲကို ဦးဆောင်ပြီး လုပ်တာပါ။ မြို့အဝင်လမ်းငါးခုကနေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ချီတက်လာတယ်။ ပြန်တော့လည်း ကိုယ့်စုရပ်ကို လမ်းလျှောက်ပြီးတော့ပြန်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒို့အရေးကတော့ အခမ်းအနားမှာ ကြွေးကြော်တယ်။ နိုင်ငံတော် သီချင်းဆိုတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း ကော်မတီထောက်ခံပွဲ ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းပြတယ်”ဟု ယင်းထောက်ခံပွဲတွင် ပါဝင်ခဲ့သူ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထွေးက ပြောကြားသည်။

အဆိုပါထောက်ခံပွဲတွင် ပြည်သူ့ဆန္ဒအကောင်အထည်ဖော်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲ ပြင်ဆင်ကြစို့၊ ငြိမ်းချမ်းရေးအောင်မြင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ကြစို့၊ မြန်မာပြည်အနာဂတ် ကောင်းစားဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ကြစို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေးအား ပြည်သူများမှ အပြည့်အဝထောက်ခံပါသည်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ပြည်သူများမှ အပြည့်အဝထောက်ခံပါသည်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပြင်ဆင်ပေး၊ အမြန်ပြင်ဆင်ပေးဟူသော စာသားများပါသည့် ဗီနိုင်းများကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

R-01

ဓာတ်ပုံ- ဦးဇော်ထွေး