News

POST TYPE

NEWS

ပါကစ္စတန် အိန္ဒိယတင်းမာမှုတွင် အပြုသဘောကဏ္ဍမှ ပါဝင်မည်ဟု တရုတ်ပြောကြား
20-Mar-2019



ဘေဂျင်း၊ မတ် ၁၉

ယခင်လက အငြင်းပွား ကက်ရှ်မီး ယားဒေသတွင် အိန္ဒိယ ပြည်သူ့စစ်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှုကို လျှော့ချရန် အပြုသဘောကဏ္ဍမှ ပါဝင်မည်ဟု တရုတ်နိုင်ငံက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အပြန်အလှန် ခြိမ်းခြောက်နေကြသော တင်းမာမှုများသည် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘောလ်တန်အပါအဝင် အမေရိကန် တာဝန်ရှိသူများ၏ ကြားဝင်ဖျန်ဖြေမှုကြောင့် ပဋိပက္ခ ကြီးထွားလာမည့်အရေးကို ရှောင်ရှားနိုင်ခဲ့သည်ဟု နီးစပ်သောသတင်းရင်းမြစ်များက ပြောကြားသည်။

အိန္ဒိယက အနည်းဆုံး ဒုံးကျည် ခြောက်စင်းပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ပါကစ္စတန်ကလည်း သုံးဆ ပိုမိုလက်တုံ့ပြန်မည်ဟု ပြောဆိုခဲ့ကြောင်း နယူးဒေလီ၊ အစ္စလာမ်မာဘတ်နှင့် ဝါရှင်တန်ရှိ အနောက်အုပ်စု သံတမန်သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားသည်။

တင်းမာမှုများ လျော့ကျရန်အတွက် တရုတ်နှင့် ယူအေအီးတို့ကလည်း ကြားဝင်ဖျန်ဖြေပေးခဲ့ကြသည်ဟု ပါကစ္စတန်ဝန်ကြီးတစ်ဦးက ပြောကြားသည်။

ရိုက်တာ၏မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားရာ၌ တောင်အာရှနှစ်နိုင်ငံ ပဋိပက္ခတွင် အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အားပေးပြီး တင်းမာမှု ပြေလျော့ရေးအတွက် အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်သွားမည်ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အချို့နိုင်ငံများကလည်း အပြုသဘောဆောင်သော အားထုတ်မှုများ ပြုလုပ်ခဲ့ကြသည်ဟု တရုတ်နိုင်ငံက ပြောကြားသည်။

အိမ်နီးချင်းနှစ်နိုင်ငံ အငြင်းပွားမှုတွင် နှစ်ဖက်စလုံး အလယ်တွင်တွေ့ကြရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းမှုကို အားပေးရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ပါဝင်ရန် တရုတ်နိုင်ငံက လိုလားသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက်က အိန္ဒိယအရန် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့ရသော ဗုံးဖောက်ခွဲမှုကြောင့် ပါကစ္စတန်နယ်မြေ အတွင်းရှိ စစ်သွေးကြွစခန်းများကို အိန္ဒိယက ဗုံးကြဲတိုက်ခိုက်ရာမှ နှစ်နိုင်ငံတင်းမာမှုများ ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ပါကစ္စတန်နှင့် ဥတုမရွေး မဟာမိတ်များဖြစ်သည်ဟု ပြောဆိုနေသော်လည်း အိန္ဒိယနှင့် ဆက်ဆံရေး တိုးတက်ရေးကိုလည်း တစ်ဖက်က ကြိုးစားလျက်ရှိသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် မနှစ်က တရုတ်နိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယခုနှစ်အတွင်း အိန္ဒိယသို့ ရှီကျင့်ဖျင် အလည်အပတ် လာရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။ 

F-04