News

POST TYPE

NEWS

မန္တလေး - ပြင်ဦးလွင် လမ်းပိုင်းဖွင့်လှစ်
19-Mar-2019


မန္တလေး၊ မတ် ၁၉

မန္တလေး-ပြင်ဦးလွင်-နောင်ချို မော်တော်ကားလမ်းပိုင်းမှ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းဖွင့်ပွဲကို မတ်လ ၁၉ ရက်နေ့က မိုင်တိုင် ၁၉/၀ တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေး-ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းမှ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းနှင့် မြစ်ငယ်၊ ထုံးဘိုလမ်းပိုင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လေးလမ်းသွားနိုင်လွန်ကတ္တရာလမ်းဖြစ်ကြောင်း ယင်းလမ်းပိုင်းကို BOT စနစ်ဖြင့် ခင်းနေသည့် Oriental Highway ကုမ္ပဏီ ဒါရိုက်တာ ဦးမောင်ကျေးက ပြောကြားသည်။

'' မူလလမ်းက ကျဉ်းတယ်။ တာဘောင် ချဲ့ရတယ်။ မလွတ်ကင်းတာတွေ အများကြီးပါလာတယ်။ ဓာတ်တိုင်တွေ၊ သစ်ပင်တွေ အရင်တူးခဲ့တဲ့မြောင်းတွေကို ပြန်ဖို့ရတာတွေ လုပ်ခဲ့ရတဲ့အတွက် လုပ်ငန်းပမာဏကကြီးသွားတယ် '' ဟု ၎င်းက ပြောကြားသည်။

မူလလမ်းအကျယ် ၁၂ ပေမှ ၄၈ ပေအထိ တိုးချဲ့ထားပြီး မြစ်ငယ်-ထုံးဘိုလမ်းပိုင် ၉ မိုင်ကျော်၊ မန္တလေး- ပြင်ဦးလွင်လမ်းပိုင်း ၄၅ မိုင်အရှည်ရှိကြောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းပိုင်းအတွက် ကျပ် ၁၉ ဘီလီယံနှင့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းအတွက် ကျပ်ဘီလီယံ ၈၀ ကျော်ကုန်ကျခဲ့ကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။

၂၀၀၅ ခုနှစ်မှစတင်၍ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းကို ဖောက်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်၍ မြစ်ငယ်-ထုံးဘိုလမ်းပိုင်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

M-05

ဓာတ်ပုံ - မြတ်မင်း